ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ COVID-19 ကူးစက်မှု မြင့်တက်လာတာကြောင့် ကျောင်းသားတွေနဲ့ သက်ကြီးရွယ်အိုတွေကို အပြင်ထွက်သွားလာခွင့် ကန့်သတ်လိုက်ပါတယ်။ မေလနောက်ပိုင်း အမြင့်ဆုံးအဖြစ် စံချိန်တင် ကူးစက်မှုတွေ ရှိလာတာပါ။
မြို့တော်ဝန် Sergei Sobyanin က မော်စကိုမြို့မှာ အောက်တိုဘာလ ၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၄,၀၈၂ ခု မြင့်တက်လာအပြီးမှာ ကျောင်းသားတွေနဲ့ အသက်ရွယ်ကြီးရင့်သူတွေကို အိမ်မှာပဲနေကြဖို့ ပြောကြားလိုက်ပါတယ်။
“တနေ့ပြီးတနေ့ COVID-19 ကူးစက်မှု အခြေအနေတွေက ပိုခက်ခဲလာသလို၊ အပြောင်းအလဲ အရမ်း မြန်ပါတယ်” လို့ မြို့တော်ဝန် Sobyanin က သူ့ကိုယ်ပိုင် ဝက်ဘ်ဆိုက်ကတဆင့် ရေးသား ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မြို့တော်မှာ လူပေါင်း ၁၀၀၀ ကျော် COVID-19 ရောဂါကြောင့် ဆေးရုံတက် ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
အများပြည်သူသွားလာတဲ့ ယာဉ်တွေပေါ်မှာ ကျောင်းသားကတ်နဲ့ စီးနင်းခွင့် ပေးထားတာတွေကို အောက်တိုဘာလ ၉ ရက်နေ့ကစလို့ ၂ ပတ်ကြာ ကျောင်းပိတ်ရက် ကာလပြီးတဲ့အထိ ယာယီ ကန့်သတ်သွားမှာဖြစ်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် နာတာရှည် အဘိုးအဘွားတွေကလွဲလို့ သက်ကြီးရွယ်အိုတွေကို အောက်တိုဘာ ၉ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ မြို့တွင်းသွားလာခွင့် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။
မြို့တော်ဝန် Sobyanin က အခုလို ကန့်သတ်လိုက်တာဟာ ဗိုင်းရပ်စ် ကူးစက်မှုအသစ်မှာ သက်ကြီးရွယ်အို အရေအတွက် ၄ ပုံ ၁ ပုံ ကူးစက်ခံထားရတာကြောင့် ကျန်းမာရေး စောင့်ရှောက် ကာကွယ်ပေးဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
မော်စကိုမြို့မှာ နေထိုင်သူ ၁၃ သန်းအတွက် ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် ကုသနိုင်ဖို့ ယာယီဆေးရုံတွေကိုလည်း ပြင်ဆင်ပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း ဝန်ထမ်းအင်အား အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို အလှည့်ကျ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
ရုရှားအစိုးရ ကိုရိုနာဗိုင်းရပ်စ် အထူးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၆ ရက်မှာ နိုင်ငံတဝှမ်း ကူးစက်ခံလူနာသစ် ၁၁,၆၁၅ ဦး ထပ်မံ တိုးလာသလို၊ သေဆုံးလူနာ ၁၈၈ ဦးရှိတာကြောင့် စုစုပေါင်း ၂၁,၆၆၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရသူ ၁ ဒသမ ၂ သန်း ကျော်သွားပြီဖြစ်ပြီး၊ လက်ရှိမှာ နိုင်ငံတဝှမ်း ကူးစက်မှုအသစ်တွေ မြင့်တက်နေပါတယ်။ Kremlin နန်းတော်က ပြောရေးဆိုခွင့်ရှိသူ Dimitry Peskov ကတော့ ကူးစက်မှုအသစ်တွေ မြင့်တက်နေပေမယ့် လောလောဆယ် နိုင်ငံတွင်း Lockdown ချဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။
Ref: Reuters
You may also like these stories:
အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်
သမ္မတ ထရမ့်နဲ့ ထိတွေ့ခဲ့သူတချို့ COVID-19 ကူးစက်ခံရ
“No Time To Die” ရုံတင်မယ့်ရက်ကို လာမယ့်နှစ် ဧပြီလအထိ ရွှေ့ဆိုင်း