ဟောင်ကောင်မှာ COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတာကြောင့် စတုတ္ထလှိုင်း ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ မြို့တွင်းမှာ ကူးစက်ခံ လမ်းကြောင်း ရှာမတွေတာတွေ များလာတာဟာ နောက်ထပ် ရိုက်ခတ်လာနိုင်မယ့် လှိုင်းသစ်တခုကို ဦးတည်နေတာပါ။
ကျန်းမာရေးစောင့်ရှောက်မှု စင်တာက ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကူးစက်မှု ၁၁ ခုမှာ ပြည်တွင်း ကူးစက်မှု ၉ ခုနဲ့ ပြည်ပမှ ပြန်လာသူတွေကနေ ကူးစက်မှု ၂ ခု ရှိတယ်လို့ ဆိုပါတယ်။ ပြည်တွင်း ကူးစက်ခံရသူတွေထဲက ၃ ခုက ထိုင်းလူမျိုးတွေနဲ့ ဆက်စပ်နေပြီး ကျန် ၆ ခုကတော့ ယခင်ကူးစက်သူတွေနဲ့ ဆက်စပ်မှု မရှိဘဲ ကူးစက်ခံရတာပါ။
အောက်တိုဘာ ၁ ရက်ကစလို့ တရုတ်ဘားတခုမှာ အလုပ်လုပ်နေတဲ့ ထိုင်းလူမျိုးအများစု ကူးစက်ခံထားရသလို အသက် ၂၂ နှစ်အရွယ် ကျောင်းသား အပါအဝင် ဘားကို လာရောက်ခဲ့တဲ့ ဧည့်သည်တွေလည်း ကူးစက်ခံထားရပါတယ်။
Mong Kok က ဆေးဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၃၈ နှစ်အရွယ် အရောင်းစာရေးတဦးကလည်း အောက်တိုဘာ ၃ ရက်နေ့က ဖျားနာတာကြောင့် ဟောင်ကောင်က ဆေးရုံကို လာရောက် ပြသခဲ့ရာက COVID-19 ကူးစက်ကြောင်း သိခဲ့ရတာပါ။ အခန်းဖော် ၂ ယောက်နဲ့အတူ နေထိုင်တဲ့ အဆိုပါအမျိုးသားဟာ COVID-19 ကို ဘယ်ကနေ ကူးစက်မှန်းမသိ သေးသလို၊ ကူးစက်ခံလူနာတွေနဲ့လည်း ထိတွေ့မှု မရှိထားသူပါ။
မသန်စွမ်း သက်ကြီးဘိုးဘွားစောင့်ရှောက်ရေးဂေဟာက အသက် ၅၉ နှစ်အရွယ် အမျိုးသားတဦးအပါအဝင် ၃ ဦးလည်း COVID-19 ကူးစက်ခံရတာကြောင့် ဆက်စပ်နေတဲ့ ဂေဟာရှိ လူအယောက် ၃၀ ကို Quarantine စင်တာသို့ ပို့ထားရပါတယ်။
နောက်ထပ် ကူးစက်မှုတခုကတော့ HongKong Baptist တက္ကသိုလ်မှာ တက်ရောက်နေတဲ့ အသက် ၁၉ နှစ် အရွယ် ကျောင်းသားတဦးပါ။ အောက်တိုဘာ ၁ ရက်နေ့က ရောဂါလက္ခဏာ ခံစားရာကနေ COVID-19 ကူးစက်ခံရကြောင်း သိခဲ့ရတာပါ။ သူနဲ့အတူနေ အသက် ၁၇ နှစ်အရွယ် မိသားစုဝင်အလယ်တန်းကျောင်းသား တဦးလည်း ကူးစက်ခံရတာကြောင့် တက်ရောက်ခဲ့တဲ့ ကျောင်းတွေကို ပိုးသတ်ဆေး ဖျန်းဖို့ ၂ ရက်ကြာ ပိတ်ထားခဲ့ရပါတယ်။
ပြည်တွင်းကူးစက်မှု အသစ်တွေကြောင့် စတုတ္ထလှိုင်းဖြစ်လာနိုင်မလားဆိုတဲ့ မီဒီယာတွေရဲ့အမေးကို ကျန်းမာရေး စောင့်ရှောက်မှု စင်တာရဲ့ အကြီးအကဲ Chuang Shuk-kwan က ဖြေကြားသွားခြင်း မရှိပေမယ့် ပြည်တွင်း ကူးစက်မှုတွေ များလာမှာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဌာနအတွင်းရေးမှူး Sophia Chan ကလည်း လက်ရှိ ကူးစက်မှုတွေကြောင့် ဟောင်ကောင်မှာ စတုတ္ထလှိုင်းဖြစ်လာမှာကို စိုးရိမ်ပြီး ဂရုစိုက် ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ရဲဝန်ထမ်းတွေ ပူးပေါင်းပြီး ကူးစက်မှု ဖြစ်လာနိုင်မယ့် ဘားတွေနဲ့ စားသောက်ဆိုင်တွေမှာ ကပ်ရောဂါကာကွယ် ရေးစည်းမျဉ်းတွေ လိုက်နာမှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေတယ်လို့ Chan က ပြောသွားပါတယ်။ ဘားနဲ့ ကလပ်တွေမှာလည် Social distancing စည်းမျဉ်းကို လိုက်နာမှု မရှိရင် အစိုးရကနေ ပိတ်သိမ်းသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
Ref: Asia Times
You may also like these stories:
ကိုဗစ်ကာလမှာ အတင်းအဓမ္မ လက်ထပ်ပေးခြင်း ခံနေရတဲ့ အာရှက မိန်းကလေးများ
ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ COVID-19 ကူးစက်မှုနှုန်း မြင့်တက်
ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုစကားဆိုကြတဲ့ အနုပညာရှင်များ