တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်း ၃ ရက်ဆက်တိုက် ကျဆင်းလာချိန်မှာ သတ်မှတ်ထားတဲ့ Social distancing ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးလိုက်ပါတယ်။ အစိုးရ ထုတ်ပြန်ထားတဲ့ Social distancing ဒုတိယအဆင့်ကနေ ပထမအဆင့်ကို လျှော့ချပေးလိုက်တာပါ။
“လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်က စလို့ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်မှု ၆၀၀ ကျော်ကနေ အခုရက်ပိုင်း ၁၀၀ အောက်ပဲ ဆက်တိုက် ကျဆင်းလာတယ်” လို့ COVID-19 အခြေအနေနဲ့ ပတ်သက်ပြီး အစိုရအဖွဲ့ ပုံမှန် အစည်းအဝေးမှာ ဝန်ကြီးချုပ် Chung Sye Kyun က ပြောကြားလိုက်ပါတယ်။
ကူးစက်မှုနှုန်းတွေ ကျဆင်းလာတာကြောင့် သတ်မှတ်ထားတဲ့ Social distancing အဆင့်တွေကို ဖြေလျှော့ပေးလိုက်ပေမယ့် ကူးစက်မှုတွေ ရှိနေသေးတဲ့ မြို့တော် ဆိုးလ်မှာ စားသောက်ဆိုင်၊ ကော်ဖီဆိုင်စတဲ့ အရောင်းလုပ်ငန်းတွေအတွက် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကတော့ ဒုတိယအဆင့်မှာ ရှိနေဆဲပဲလို့ ဆိုပါတယ်။
၁ လကျော်လောက် Social distancing ဒုတိယအဆင့် ချမှတ်ခဲ့ချိန်မှာ အသေးစား အလတ်စား လုပ်ငန်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းငယ်တွေ အခက်အခဲ ရှိတာကြောင့် ကူးစက်မှုနှုန်း ကျဆင်းချိန်မှာ ပထမအဆင့်ကို ပြန်ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။
Social distancing ဒုတိယအဆင့်အရ Indoor မှာ လူ ၅၀ ၊ Outdoor မှာ လူ ၁၀၀ ထက် ပိုစုဝေးခွင့် မရှိသလို အားကစားပွဲတွေကိုလည်း ပရိသတ် မပါဘဲ ကျင်းပရမှာ ဖြစ်ပါတယ်။ ပထမအဆင့် ပြန်လည် ဖြေလျှော့ပေးလိုက်တာကြောင့် လုပ်ငန်း အများစုကို အရင်လို ပြန်လုပ်ကိုင်နိုင်တော့မှာပါ။ ကူးစက်မှု အန္တရာယ်ရှိတဲ့ နိုက်ကလပ်တွေကိုတော့ အရင်အတိုင်း တားမြစ်ထားဦးမှာ ဖြစ်ပါတယ်။
တနိုင်ငံလုံးက မူကြို၊ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းတွေမှာလည်း ကျောင်းသားအရေအတွက် ၃ ပုံ ၁ ပုံကနေ ၃ ပုံ ၂ ပုံ ထိ ပြန်လက်ခံခွင့်ရတော့မှာပါ။ အထက်တန်းကျောင်းတွေကိုတော့ အရင်အတိုင်း ၃ ပုံ ၂ ပုံ ခွင့်ပြုထားပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အစိုးရရဲ့ ဖြေလျှော့ချက်အပေါ် အချိန်စောလွန်းနေတယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါဟာ အချိန်အတော်ကြာ ကူးစက်မှုတွေ ပြန်မြင့်တက်နေရာကနေ ၃ ရက်လောက်ပဲ ကူးစက်မှုကျသွားချိန်မှာ ပထမအဆင့်ကို ပြန်ဖြေလျှော့ပေးလိုက်တာ ဆုံးဖြတ်ချက် မြန်လွန်းတယ်လို့ ထောက်ပြကြပါတယ်။
နိုင်ငံရဲ့ အထင်ကရပိတ်ရက် Chuseok အားလပ်ရက်မှာ မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့ ပြန်ဆုံလေ့ရှိကြတာကြောင့် အုပ်စုလိုက်ကူးစက်မှုတွေ ရှိလာမှာကို ဆရာဝန်တွေ စိုးရိမ်နေတာပါ။ လတ်တလောမှာ အင်ချွန်း၊ ဘူဆန်နဲ့ ဂျိုလာမြောက်ပိုင်းဒေသတွေမှာ အစုလိုက် ကူးစက်မှုတွေ တွေ့လာရပါတယ်။
တောင်ကိုရီးယားရောဂါ ထိန်းချုပ်ကာကွယ်ရေးအဖွဲ့ရဲ့ အောက်တိုဘာ ၁၀ ရက် ထုတ်ပြန်ချက်အရ ကူးစက်လူနာ အသစ် ၇၂ ယောက်ရှိတဲ့ထဲက ၆၁ ယောက်က ပြည်တွင်းကူးစက်မှု ဖြစ်ပြီး ၁၁ ယောက်ကတော့ နိုင်ငံတကာက ပြန်လာသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကူးစက်မှုအများစုက မြို့တော် ဆိုးလ်နဲ့ Gyeonggi ဒေသက ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Korea Times