ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး ဒုတိယနေရာမှာရှိနေတဲ့ အိန္ဒိယနိုင်ငံမှာ ကူးစက်သူ ၇ သန်း ကျော်သွားပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူ ၈ သန်းကျော်နေတဲ့ အမေရိကန်ပြီးရင် အိန္ဒိယက ဒုတိယနေရာမှာ ရှိနေတာပါ။
ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေ အထူထပ်ဆုံးနိုင်ငံကြီးမှာ COVID-19 ကူးစက်ခံလူနာ ၇,၁၇၅,၈၈၀ ဦး ရှိပြီး၊ သေဆုံးသူကတော့ ၁၀၉,၈၉၄ ဦး ရှိလာပါပြီ။ ကူးစက်ခံလူနာတွေထဲမှာ ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားနေရသူ ၄၉,၀၀၀ နီးပါးရှိပြီး၊ ရောဂါသက်သာလို့ ဆေးရုံးဆင်းလူနာ ၆ သန်းကျော် ရှိသွားပြီလို့ ထုတ်ပြန်ထားပါတယ်။
၂၄ နာရီ တရက်တည်းမှာပဲ ကူးစက်ခံလူနာ ၇၄,၃၈၃ ဦး ရှိခဲ့အပြီးမှာ စုစုပေါင်း ၇ သန်းကျော်သွားတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ စက်တင်ဘာလ ၁၆ ရက်မှာ ကူးစက်သူ ၅ သန်း ပြည့်မြောက်ခဲ့ပြီး၊ စက်တင်ဘာ ၂၈ ရက်မှာတော့ ၆ သန်း ကျော်လာခဲ့တာပါ။
ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈ သန်းကျော်လာပြီး၊ သေဆုံးသူကတော့ ၂၂၀,၀၁၁ ဦးရှိပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယရှိ ကူးစက်ခံလူနာ အားလုံးရဲ့ ထက်ဝက်လောက်ဟာ နိုင်ငံအနောက်ပိုင်း Maharashtra ပြည်နယ်၊ အရှေ့တောင်ပိုင်း Andhra Pradesh ပြည်နယ်နဲ့ တောင်ပိုင်းက ပြည်နယ် ၂ ခုကနေ ဖြစ်ပါတယ်။
အစိုးရက မတ်လကုန်ပိုင်းကနေ မေလကုန်ထိ တနိုင်ငံလုံး အတိုင်းအတာနဲ့ Lockdown ချမှတ်ခဲ့ပေမယ့် စီးပွားရေး အခြေအနေတွေကြောင့် ကန့်သတ်ချက်တွေကို ဇွန်လကစလို့ ပြန်လည် ဖြေလျှော့ပေးထားပါတယ်။ ဒါပေမဲ့လည်း COVID-19 နဲ့ ပတ်သက်တဲ့ Lockdown စည်းကမ်းတချို့ကတော့ အောက်တိုဘာ ၃၁ ရက်ထိ အသက်ဝင်နေပါသေးတယ်။
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းကျော်ဟာ တကမ္ဘာလုံးအတိုင်းအတာရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိနေတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း သေဆုံးသူ ၁၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံက COVID-19 ကူးစက်ခံရသူ ၈ သန်းကျော်နဲ့ ပထမ အများဆုံးဖြစ်ပြီး၊ အိန္ဒိယက ၇ သန်းကျော်နဲ့ ဒုတိယ၊ တောင်အမေရိကနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဘရာဇီးက ၅ သန်းကျော်နဲ့ တတိယနေရာမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
Ref: Kyodo News
You may also like these stories:
ကမ္ဘာ့ ဘေးရန်အကင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ ဆွစ်ဇာလန်နိုင်ငံ
အိန္ဒိယမှာ ၁ ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော် COVID-19 ကူးစက်
နီပေါမှာ COVID-19 ကူးစက်မှုနှုန်း တဟုန်ထိုး မြင့်တက်