ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ တရားဝင် နယ်စပ်ဂိတ်များ ပိတ်ထားချိန်တွင် တရားမဝင် ဝင်ထွက်သွားလာခြင်းနှင့် ကုန်စည်တင်ပို့ရောင်းဝယ်မှုများ ပြုလုပ်ပါက သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် အရေးယူမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်း ရရှိသည်။
တိုင်းအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက“စာထုတ်ထားတာပဲ ရှိပါသေးတယ်။ အိန္ဒိယဘက်မှာလည်း ကိုဗစ်ရောဂါ ဖြစ်တာ များနေတော့ ရှင်းရှင်း ပြောရရင် ဟိုဘက်၊ ဒီဘက် ကူးလူးဆက်ဆံမှု မလုပ်ရလို့ ပြောထားပြီးသား။ ကျနော်တို့ အဲဒီဘက်မှာလည်း ဂိတ်တွေလည်း ပိတ်ထားပြီးသား။ အဲဒီလို ဂိတ်တွေပိတ်ထားတဲ့ကြားက တရား မဝင် သွားတာလာရှိရင်တော့ ဖော်ထုတ်ဖမ်းဆီးရမှာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
အိန္ဒိယနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ ဒေသခံများသည် အိန္ဒိယနိုင်ငံဘက် သို့ ဝင်ထွက်သွားလာခြင်း၊ ကုန်စည်တင်သွင်း တင်ပို့ခြင်းများ ယခင်က ရှိသော်လည်း ကိုဗစ်ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး အတွက် အိန္ဒိယ-မြန်မာ နယ်စပ်သံတံတားဂိတ် အမှတ် ၁ နှင့် အမှတ် ၂ ဂိတ်တို့ကို မတ်လ ၁၀ ရက်က ယာယီ ပိတ်ထားခဲ့သည်။
နယ်စပ်ဂိတ်များ တရားဝင် ပြန်လည် မဖွင့်မီ အထိ သွားလာ၊ ရောင်းဝယ်မှုများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာ ၉ ရက် အမိန့် ထုတ်ပြန် ထားသည်။
ထိုသို့ တရားဝင် ဂိတ်များ ပိတ်လိုက်သော်လည်း အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ကျေးရွာများမှ ဒေသခံတချို့သည် အိန္ဒိယနိုင်ငံသို့ ဝင်ထွက်သွားလာနေခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်းများ ပြုလုပ်နေသည်ကို စိစစ်တွေ့ရှိရသည့်အတွက် တရားဝင်နယ်စပ်ဂိတ်ပေါက်များ ပြန်လည်ဖွင့်လှစ်ခြင်းမပြုမီ စစ်ကိုင်းတိုင်းမှ မည်သူ မဆို တရားမဝင် မလုပ်ဆောင်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်လိုက်ခြင်းဖြစ်သည်။
ထိုတားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က“ကျနော်တို့နိုင်ငံကနေ ဟိုဘက်နိုင်ငံကို တရားမဝင်သွားတယ်။ တရားမဝင်ပြန်လာတယ်။ တရားဝင် အသိပေး အကြောင်းကြားခြင်းမရှိဘဲ ပြန်လာတဲ့သူတွေကိုတော့ တရားစွဲ တာ ရှိတယ်။ အဲဒါကတော့ လဝက ဥပဒေနဲ့ပေါ့။ ၅၊ ၆ မှုလောက်တော့ ရှိပြီ။ တိုင်းထုတ်ပြန်ချက်နောက်ပိုင်းမှာ ဖမ်းဆီးထားတာ ရှိပါတယ်။ အခု ကျနော်တို့ အရေးယူဖို့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
တိုင်းအစိုးရထုတ်ပြန်ချက် ထုတ်ပြီး နောက်ပိုင်း ဖမ်းဆီးရရှိမှုအရေအတွက်ကိုတော့ ဧရာဝတီက မေးမြန်းသော် လည်း တိကျစွာ ပြောကြားခြင်း မရှိပါ။
တမူးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က “အရေးယူခံရတာကတော့ သိပ်မရှိ ပါဘူး။ ဒါပေမယ့် မှောင်ခိုရောင်းဝယ်သွားလာခြင်းကလည်း ရပ်တန့်မသွားဘူး။ ပိုပိုပြီးတော့ ဆိုးလာတယ်။ ဌာနဆိုင်ရာအကြီးအကဲ၊ ရဲတပ်ဖွဲ့တို့၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဒါကို တားမြစ်ပေမယ့် အောက်ခြေ ဝန်ထမ်း တွေက မရဘူး။ အကျင့်ပျက်ခြစားမှုတွေ များပြီး နယ်စပ်ကုန်သွယ်ရေးက ညတိုင်းဖြစ်နေတာပဲ”ဟု ပြောသည်။
ဆက်လက်ပြီး ဦးမောင်မောင်လတ်က“အခုစာထုတ်လည်း ထိရောက်မှု မရှိပါဘူး။ အခုအချိန်ထိ ခိုးဝင်ခိုးထွက်၊ ခိုးရောင်း လုပ်နေကြတာပဲ။ နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့ကလည်း အင်အားနည်းတဲ့အခါကျတော့ ၇၈ မိုင် လောက် ရှိတဲ့ နယ်စပ်ကို မတားဆီးနိုင်ဘူးလေ။ ဒါပေမယ့် ဆိုးတာက တမူးမြို့နယ် ဧရိယာထဲမှာကို ဖြစ်နေ တာ”ဟု ပြောသည်။
နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်ကလည်း ၎င်းတို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် လေရှီး၊ လဟယ်၊ နန်းယွန်းစသည့် မြို့နယ်များမှ တရားမဝင် ဝင်ထွက်ရောင်းဝယ်ဖောက်မှုအတွက် အရေးယူထားသည့် အမှုများ မရှိသေးဟု ရှင်းပြသည်။
အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ် ဒေသခံအများစုသည် နယ်စပ်ဂိတ်အမှတ် ၂ အနီးရှိ နန်းဖာလုံနယ်စပ် ဈေးတွင် အိန္ဒိယနိုင်ငံသားများ အသုံးများသည့် ကုန်ပစ္စည်းများ၊ စားသောက်ကုန်များကို အဓိကရောင်းချကြ သလို တချို့က အိန္ဒိယဘက်သို့ အလုပ်သွားလုပ်သူများလည်း ရှိကြောင်း သိရသည်။
ယခုအခါ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်များ ပိတ်ထားချိန်မှာ ၇ လအထိ ကြာမြင့်လာပြီဖြစ်သဖြင့် ကုန်သည်များ အပြင် နေ့စားအလုပ်သမားများ၊ ကုန်စိမ်းသည်များပါ စားဝတ်နေရေး ခက်ခဲမှုရှိလာကြောင်း ကုန်စိမ်းရောင်း သည့် ဒေါ်သီတာကြည်က ဆိုသည်။
တမူးနယ်စပ်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးလှမောင်ကလည်း “ကျနော်တို့အတွက် နစ်နာဆုံးရှုံးမှုအများကြီးှ ရှိ ပါတယ်။ နန်းဖာလုံကနေ တဆင့်ရောင်းတွေဆိုရင် တချို့ဟာတွေက အကြွေးပေးလိုက်တာတွေရှိတယ်။ အဲဒီ အကြွေးက အခုဆိုရင် ၆ လ၊ ၇ လလောက်ကြာ သွားပြီ။ အခုမှ ပေးမယ်ဆိုရင်ပဲ အဲဒီအချိန်က ငွေဈေး ၂၀ ဆို ရင် အခု ၁၆ ကျပ်လောက်ပဲရှိတော့ ကျနော်တို့က ငွေသားပေါ်မှာပဲ ဆုံးရှုံးနစ်နာမှုရှိသွားပြီ။ ဆုံးရှုံးမှုများတော့ အားလုံးဖွင့်လိုက်ပြီ ဆိုရင်တောင်မှ မနည်းလုပ်ယူရမှာ”ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ အောက်တိုဘာလ ၁၃ ရက်အထိ ပိုးတွေ့လူနာစုစုပေါင်း ၂၁၆ ဦးရှိသည့် အနက် ၉၉ ဦးဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
Quarantine မဝင်ဘဲ မိသားစုဝင် ၅ ဦးကို ပိုးကူးစက်စေခဲ့သူအား အမှုဖွင့်
Quarantine စင်တာအတွင်း မူးယစ်ရမ်းကားသူများ ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်