စက်ရုံ၊ အလုပ်ရုံများကို ရှောင်တခင် စစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် မကိုက်ညီ ပါက ယာယီ ပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။
“လာမယ့် ရက်တွေမှာတော့ ရှောင်တခင် ဝင်ရောက် စစ်ဆေးသွားနိုင်ဖို့အတွက် ဆောင်ရွက်ထားပါတယ်။ သွားရောက် စစ်ဆေးတဲ့ ရက်တွေမှာ B အဆင့် ဖြစ်နေတယ်ဆိုရင် ယာယီပိတ်ခိုင်းမှာ ဖြစ်ပါတယ်။ ယာယီပိတ်ခိုင်းပြီး A အဆင့်ရရှိ အောင် ပြုပြင်မွမ်းမံပြင်ဆင်ပြီး A အဆင့် ရရှိပြီလို့ အကြောင်းကြားလာတဲ့အခါမှ ပြန်လည် ဖွင့်လှစ်ခွင့် ပေးဖို့အတွက် ရည် ရွယ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်နေသော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများ အနေဖြင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းခွင် လမ်းညွှန်ချက်များ လိုက်နာခြင်း ရှိ၊ မရှိကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စနစ်တကျ ကြီးကြပ်စိစစ်ပြီး အဆင့် A ရရှိအောင် ပြင်ဆင်ထားကြောင်း တွေ့ရှိပါက အောက်တိုဘာလ ၁၂ ရက်မှ စ၍ ပြန်လည် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၂ ရက်မှ စတင်ပြီး စက်ရုံ၊ အလုပ်ရုံအချို့ ပြန်လည် ဖွင့်လှစ်လာရာ ပထမအကြိမ် စစ်ဆေးစဉ်က B အဆင့်သာ ရရှိထားသည့် စက်ရုံများလည်း ပြန်လည် ဖွင့်လှစ်နေကြောင်း အလုပ်သမား အဖွဲ့အစည်းများထံက သိရသည်။
“ကျန်းမာရေး ဝန်ကြီးဌာနက လမ်းညွှန်ချက်နဲ့ A အဆင့်ပဲ ဖွင့်ရမယ် ဆိုတဲ့ လမ်းညွှန်ချက်နဲ့ ဖွင့်တာ မဟုတ်ပေမယ့် ယခင် ဧပြီလတုန်းက ထုတ်ပြန် ကြေညာထားတဲ့ A,B,C အဆင့်တွေ။ ဒေါ်မိုးမိုးစုကြည် လက်မှတ်နဲ့ ရထားတဲ့ B အဆင့် စက်ရုံ တွေက အများကြီး ဖွင့်လာတာကို တွေ့ရပါတယ်” ဟု Charming အထည်ချုပ် စက်ရုံ အလုပ်သမား သမဂ္ဂမှ မသဉ္ဇာထက် က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ငန်းခွင် လမ်းညွှန်ချက်များအတိုင်း A အဆင့် ရရှိအောင် ပြုပြင်မွမ်းမံ ပြင်ဆင်ထားပါက ယခင်စစ်ဆေးစဉ်က B အဆင့် ရရှိထား သည့် စက်ရုံများပါ ဖွင့်လှစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
ဒေါ်မိုးမိုးစုကြည်က “ပထမကာလနဲ့ ကွာခြားသွားတာ ရှိတယ်။ B အဆင့်ဆိုရင် သွားရောက် စစ်ဆေးတဲ့ အချိန်မှာလည်း စက်ရုံကို ဖွင့်ခိုင်းထားပြီးမှ စစ်ပါမယ်။ ကျမတို့ လိုချင်တဲ့၊ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံ ခြင်း၊ မပြည့်စုံခြင်းကို ဖွင့်စစ်မှသာ သိနိုင်တာ ဖြစ်တဲ့အတွက် ဖွင့်စစ် စစ်ပါမယ်” ဟု ပြောသည်။
စက်ရုံအလုပ်ရုံများအနေဖြင့် အချိန်ကြာကြာ ရပ်တန့်ထားခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးပြီး အလုပ်သမား များ၏ ဘဝကို ထိခိုက်နိုင်သဖြင့် စက်ရုံ၊ အလုပ်ရုံများ အမြန် ပြန်လည်ပတ်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေက ကြာကြာရပ်သွားရတယ် ဆိုရင် အဲဒီရင်းနှီးမြှုပ်နှံမှုတွေက ဆက်ပြီး ရချင်မှရမှာပါ။ အဲဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားတယ်ဆိုရင် ရေရှည်မှာ ကျမတို့ရဲ့ စီးပွားရေး၊ ကျမတို့ အလုပ်သမားများရဲ့ ဘဝကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံများကို မြန်မြန် ဆန်ဆန် ပြန်ပြီးတော့ လည်ပတ်စေချင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေက ကြာကြာရပ်သွားရတယ် ဆိုရင် အဲဒီရင်းနှီးမြှုပ်နှံမှုတွေက ဆက်ပြီး ရချင်မှရမှာပါ။ အဲဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားတယ်ဆိုရင် ရေရှည်မှာ ကျမတို့ရဲ့ စီးပွားရေး၊ ကျမတို့ အလုပ်သမားများရဲ့ ဘဝကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စက်ရုံ၊ အလုပ်ရုံများကို မြန်မြန် ဆန်ဆန် ပြန်ပြီးတော့ လည်ပတ်စေချင်ပါတယ်” ဟု ပြောသည်။
အောက်တိုဘာလ ၁၂ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်း၌ ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။
“ဒီလို လည်ပတ်နိုင်ဖို့ အဓိက ကျတာက အလုပ်သမားများဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ နေရမှာ ဖြစ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေမှာလည်း တာဝန်ရှိသလို အလုပ်သမားတွေ တဦးချင်း တဦးချင်းမှာလည်း တာဝန် ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။
သို့သော်လည်း လတ်တလော အခြေအနေတွင်ပင် အချို့စက်ရုံများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို လုံးဝ လိုက်နာခြင်း မရှိကြောင်း အလုပ်သမားများနှင့် အလုပ်သမားအဖွဲ့အစည်းများထံက သိရသည်။
အထည်ချုပ် အလုပ်သမား တဦးက “ကျမတို့ စက်ရုံဆိုရင် လူဦးရေ ၁ ထောင်ကျော် ရှိတယ်။ အလုပ်ရှင်တွေနဲ့လည်း ညှိ နှိုင်း ဆွေးနွေးတယ်။ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်တွေနဲ့ ထုတ်ပြန်ထားတဲ့ အချက် ၂၃ ချက်နဲ့လည်း လုံးဝ မကိုက်ညီဘူး။ ၃ ပေ အကွာဆိုတာ ရှိလဲမရှိဘူး။ အလုပ်သမားတွေက လူစုလူဝေးနဲ့ စားနေရတယ်။ လူစုလူဝေးနဲ့ သွားနေ ကြတယ်။ ကြပ်မတ်မှု လုံးဝ မရှိဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS) အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကလည်း “တချို့ စက်ရုံ အလုပ်ရုံတွေမှာဆိုရင်လည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး တော့ လုံလောက်အောင် စီစဉ်ပေးထားနိုင်ခြင်း မရှိဘဲနဲ့ အလုပ်သမားတွေကို အလုပ် မဆင်းရင် အလုပ်က ထုတ်မယ်။ ခြိမ်းခြောက်ပြီးတော့ အလုပ်ဆင်းခိုင်းနေတာတွေလည်း တွေ့ရပါတယ်။ ကျနော်တို့ နိုင်ငံအနေနဲ့လည်း ကျန်းမာရေး စောင့် ရှောက်မှုစနစ်က လုံလုံလောက်လောက် မပေးနိုင်နေတဲ့ ကာလမှာ အခုလိုမျိုး စက်ရုံ အလုပ်ရုံများ ပြန်ဖွင့်တာက အင်မ တန်မှ အန္တရာယ်များတယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံပေါင်း ၆,၆၃၂ ရုံ ရှိသည့်အနက် လက်ရှိအချိန်ထိ ၄၀၀ ကျော် ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
မတ်လ၂၃ ရက်မှ အောက်တိုဘာလ ၁၃ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၉,၃၁၄ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၆၆၄ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၀,၂၆၀ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
စက်မှုကုန်ထုတ်လုပ်ငန်း ရပ်ထားရ၍ မှာယူသူများမှ နိုင်ငံပြောင်းရွှေ့အပ်နှံမှု ရှိလာ ဟုဆို
CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို