Coronavirus Update

ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံသားတဦးမှာ COVID-19 ရောဂါ တကျော့ပြန် ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် COVID-19 တကျော့ပြန် ကူးစက်ခံရသူ ရှိလာခဲ့ပါတယ်။ နီဗားဒါးပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတယောက်ဟာ ၂ လအတွင်း နောက်ထပ်တကြိမ် ဗိုင်းရပ်စ် ထပ်မံ ကူးစက်ခံလိုက်ရတာပါ။

အသက် ၂၅ နှစ်အရွယ် နီဗားဒါးပြည်နယ်သားမှာ COVID-19 တကျော့ပြန် ကူးစက်ခံရတယ်လို့ အတည်ပြုလိုက်ပြီး ဒုတိယအကြိမ် ကူးစက်မှုက ပထမထက် ပိုပြင်းထန်တယ်လို့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေက ဆိုပါတယ်။ အခုတော့ ရောဂါကနေ ပြန်လည် သက်သာနေပြီဖြစ်တဲ့ အဆိုပါအမျိုးသားမှာ တခြားရောဂါအခံ မရှိသလို၊ ကိုယ်ခံအားနည်းတာမျိုးလည်း မတွေ့ရပါဘူး။

ကူးစက်ရောဂါပိုး ကျွမ်းကျင်သူ ဒေါက်တာ William Schaffner ကတော့ ဒါဟာ အဝါရောင် သတိပေးအချက် ပြလိုက်သလိုပါပဲလို့ ပြောပါတယ်။


COVID-19 လို လေထဲကတဆင့် ကူးစက်မှုတွေဟာ ဝက်သက် ရောဂါလိုမျိုး တခါဖြစ်ပြီး တသက်လုံး ခုခံအား ကာကွယ်ပေးနိုင်တာ မဟုတ်လို့ ထပ်မံ ကူးစက်ခံရတဲ့ဖြစ်ရပ်မျိုးက အံ့သြစရာ မဟုတ်ဘူးလို့ ကူးစက်ရောဂါကျွမ်းကျင်သူ ဒေါက်တာ Paul Offit က ဆိုပါတယ်။

ကမ္ဘာပေါ်မှာ COVID-19 ကပ်ရောဂါကြီး စတင်ချိန်ကစလို့ စာရင်းပြုစုထားချက်အရ ဒုတိယအကြိမ် ထပ်မံ ကူးစက်ခံရတယ်လို့ ထွက်ပေါ်လာတဲ့ဖြစ်ရပ် ၂၂ ခု ရှိပါတယ်။ ဒီထဲကမှ ဖြစ်ရပ်တော်တော်များများဟာ တိကျ ခိုင်လုံတာမျိုး မတွေ့ခဲ့ရသလို၊ လူအများစုမှာလည်း ကူးစက်ခံနေရကြောင်း မသိတာမျိုးတွေ ရှိပါတယ်။

“ဒီလိုဖြစ်ရပ်မျိုးက သန်းနဲ့ချီ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ အများစုကတော့ ရောဂါသက်သာသွားပြီးဆိုရင် ကိုယ်ခန္ဓာကနေ ပဋိပစ္စည်းတွေထွက်လို့ နောက်တခါ မကူးစက်တော့ဘူး ထင်ကြတာပါ။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ပြန်ဖြစ်နေတာမျိုးကို မသိတာလည်း ရှိနိုင်ပါတယ်။ ဆေးရုံရောက်မလာရင် ကျမတို့ ထည့်တွက်လို့ မရပါဘူး” လို့ ယေးလ်တက္ကသိုလ်က immunologist Akiko Iwasaki က ဆိုပါတယ်။

ထပ်မံ ကူးစက်ခံခဲ့ရတဲ့ အမျိုးသားဟာ မတ်လကုန်ပိုင်းက နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ဝမ်းလျှောရောဂါ လက္ခဏာတွေ ပြခဲ့ပါတယ်။ ဧပြီ ၁၈ ရက်မှာတော့ သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဆေးစစ်ချက် ထွက်လာခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာ Negative အဖြေ ၂ ကြိမ်ထွက်ခဲ့တာကြောင့် ရောဂါပျောက်ကင်း သက်သာပြီး ဆေးရုံက ဆင်းခဲ့ပါတယ်။

တလအကြာမှာ ဖခင်ဖြစ်သူ ရောဂါကူးစက်ခံရချိန် အဆိုပါ အမျိုးသားမှာလည်း ရောဂါလက္ခဏာ ထပ်ပြလာခဲ့တာကြောင့် မေလ ၃၁ ရက်မှာ ကုသရေးစင်တာကို သွားရောက် ပြသခဲ့ပါတယ်။ ဇွန်လ ၅ ရက်မှာ သွေးတွင်း အောက်ဆီဂျင် ပမာဏ အလွန်အမင်း ကျဆင်းနေခဲ့တာကြောင့် ဆေးရုံတင်ရာမှ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ကြတာပါ။

ထပ်မံ ကူးစက်ခံရသူတွေမှာ ကိုယ်ခံအားစနစ်က ဘယ်လိုပုံစံ တုံ့ပြန်ရမလဲဆိုတာ သိရှိပြီးဖြစ်လို့ ပထမတကြိမ်လောက် မခံရဘူးလို့ ယူဆထားပေမယ့် နီဗားဒါးပြည်နယ်သားကတော့ ဒုတိယတကြိမ်က ရောဂါပိုးပမာဏ ပိုတွေ့ရလို့ ပိုပြီးပြင်းထန်စွာ ခံစားခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Ref: USA Today

You may also like these stories:

ကိုဗစ်ပြင်းထန် လူနာများကို Remdesivir ဆေးဖြင့် ကုသနေ

အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၇ သန်းကျော်ပြီ

နီပေါမှာ COVID-19 ကူးစက်မှုနှုန်း တဟုန်ထိုး မြင့်တက်

Did you find apk for android? You can find new Free Android Games and apps.
Loading