ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာတဲ့ ဥရောပနိုင်ငံတွေမှာ COVID-19 ကန့်သတ်ချက်တွေကို တင်းကျပ်လိုက်ပါတယ်။ ၅၀ ရာခိုင်နှုန်းနီးပါး ကူးစက်မှုအသစ်တွေ မြင့်တက်လာအပြီးမှာ အခုလို တင်းကျပ်ခဲ့တာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ထုတ်ပြန်ချက်အရ ဥရောပမှာ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ကူးစက်မှု ၈၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး ကူးစက်ခံလူနာ ၇ သိန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကူးစက်မှုအသစ် အားလုံးရဲ့ ထက်ဝက်ခန့်ကတော့ ဗြိတိန်၊ ရုရှား၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတို့က ဖြစ်ပါတယ်။
ကူးစက်မှုတွေဟာ လူငယ်တွေမှာ အဖြစ်များလာပြီး ရောဂါလက္ခဏာ မပြတာမျိုး၊ ရောဂါ မပြင်းထန်တာမျိုး ရှိပေမယ့် သက်ကြီးပိုင်းတွေမှာတော့ ရောဂါ ပိုမိုပြင်းထန်စွာ ခံစားရတယ်လို့ ဆရာဝန်တွေက သတိပေး ပြောဆိုလိုက်ပါတယ်။
ကူးစက်မှုအသစ်တွေကြောင့် ပြင်သစ်မှာ ပိုမို တင်းကျပ်တဲ့ ကန့်သတ်မှုတွေ ထုတ်ပြန် လိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လူဦးရေ ၁ သိန်းမှာ ကူးစက်သူ ၁၀၇ ဦးကနေ ၁၉၀ ထိ မြင့်တက်လာတာကြောင့် အောက်တိုဘာ ၁၇ ရက်ကစလို့ ပြင်သစ်နဲ့ အနီးဝန်းကျင်က နေရာ ၈ ခုကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ သမ္မတ Emmanuel Macron က ပြောကြားလိုက်ပါတယ်။
ချက်သမ္မတနိုင်ငံမှာတော့ ကျောင်းတွေကို နိုဝင်ဘာ ၂ ရက်ထိ ပိတ်လိုက်ပြီး ဘားနဲ့ စားသောက်ဆိုင်တွေကိုတော့ ည ၈ နာရီထိပဲ ဖွင့်ခွင့်ပြုထားပါတယ်။ ချက်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ အောက်တိုဘာ ၉ ရက် တရက်တည်း ကူးစက်ခံရသူ ၉၂၆ ဦးပဲ ရှိခဲ့ရာက အောက်တိုဘာ ၁၄ ရက်မှာတော့ တရက်တည်း ၉,၅၄၄ ဦး မြင့်တက်လာတာကြောင့် စုစုပေါင်း ၁၄၉,၀၁၀ ဦး ရှိသွားပါပြီ။
ကူးစက်မှုတွေ မြင့်တက်လာတဲ့ ဗြိတိန်မှာလည်း ပိုမို တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့အတွက် အဆင့် ၃ ဆင့် သတ်မှတ်လိုက်တယ်လို့ ကျန်းမာရေးဝန်ကြီး Matt Hancock က ပြောကြားလိုက်ပါတယ်။
ယူကေအစိုးရရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၄ ရက် တရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၉,၇၂၄ ဦးရှိ ပြီး၊ သေဆုံးသူ ၁၃၇ ဦး ရှိတယ်လို့ ဆိုပါတယ်။ စုစုပေါင်း ကူးစက်ခံလူနာကတော့ ၆၇၃,၆၂၂ ဦးနဲ့ သေဆုံးသူ ၄၃,၂၉၃ ဦး ရှိပြီ ဖြစ်ပါတယ်။
မြောက်အိုင်ယာလန်မှာလည်း တရက်တည်း ကူးစက်မှုအသစ် ၁,၂၁၇ ဦးရှိပြီးနောက် ကျောင်းတွေ၊ ဘားတွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်သိမ်းလိုက်ပါတယ်။ ဝေလကတော့ ကူးစက်မှုများနေတဲ့ အင်္ဂလန်၊ စကော့တလန်နဲ့ မြောက်အိုင်ယာလန်က ခရီးသွားတွေကို အောက်တိုဘာ ၁၆ ရက်ကစလို့ နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်တော့မှာ ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ကူးစက်မှုအသစ်တွေကြောင့် ၁၀ ယောက်အထက် လူစုဝေးခွင့် မပြုတော့ဘဲ စားသောက်ဆိုင်တွေကိုလည်း ည ၁၁ နာရီမှာ ပိတ်သိမ်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။ ကန့်သတ်ချက်တွေကို နောက် ၁၀ ရက်အတွင်း ကူးစက်မှုနှုန်းပေါ် မူတည်ပြီး ချိန်ညှိသွားမယ်လို့ ဂျာမနီအဓိပတိ Angela Merkel က ပြောကြားလိုက်ပါတယ်။
Ref: edition.cnn
You may also like these stories:
ဘရာဇီးမှာ COVID-19 ကြောင့် သေဆုံးသူ ၁ သိန်းခွဲကျော်ပြီ
ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံသားတဦးမှာ COVID-19 ရောဂါ တကျော့ပြန် ဖြစ်ပွား
ကိုဗစ်ပြင်းထန် လူနာများကို Remdesivir ဆေးဖြင့် ကုသနေ