ဧရာဝတီ သတင်းဌာန “The Irrawaddy Digital Media” မိသားစုသည် ကိုဗစ်ကာလအတွင်း စာဖတ် ပရိသတ်များအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်းများ စဉ်ဆက်မပြတ် တင်ဆက်လျက်ရှိသလို COVID-19 ရောဂါကြောင့် အခက်အခဲဖြစ်ကာ လိုအပ်နေသည့် နေရာများကိုလည်း တတ်စွမ်းသရွေ့ ပေးအပ် လှူဒါန်းလျက် ရှိပါသည်။
ဧရာဝတီ သတင်းဌာန၏ စဉ်ဆက်မပြတ် လှူဒါန်းလျက်ရှိသော ကာလဒါန အလှူများကို ဝမ်းမြောက်နုမော် သာဓု ခေါ်ဆိုနိုင်ရန် အလှူမှတ်တမ်းများ မျှဝေပေးလိုက်ပါသည်။
ချင်းမိုင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လှူဒါန်းမှု
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေနဲ့ အစားအစာ လိုအပ်နေတဲ့ ထိုင်းနိုင်ငံသားတွေအတွက် ဧရာဝတီက မေလအတွင်း ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းရှေ့မှာ ကြက်သားဒန်ပေါက် အလှူပေးခဲ့ပါတယ်။ ဒါဟာ ဧရာဝတီ မိသားစုရဲ့ ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်းလည်း ဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံမှာလည်း အလုပ်တွေပိတ်၊ စားသောက်ဆိုင်တွေ ပိတ်ထားခဲ့ရပြီး ရွှေ့ပြောင်းလုပ်သားတွေ အစားအသောက် အခက်အခဲဖြစ်ခဲ့သလို ထိုင်းလူမျိုး တချို့မှာလည်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။
ဧရာဝတီ သတင်းဌာန မိသားစုဝင်များ အပါအဝင် ဝပ်ဆိုင်မွန်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၊ သံဃာတော်များ၊ ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ်အစည်းအရုံးနဲ့ ထိုင်း-မြန်မာ စေတနာ့ဝန်ထမ်းတွေက လူအယောက် ၇၀၀ စာကို ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ကြေးပတ်ကယန်းတွေနဲ့ Mae Sa ဆင်စခန်းက ဆင်ထိန်းတွေကို လှူဒါန်း
COVID-19 ရောဂါကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့နယ်ထဲမှာရှိတဲ့ ကမ္ဘာလှည့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေ ပိတ်ထားခဲ့ရတာ ၂ လ၊ ၃ လ ကျော်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေကို မီခိုလုပ်ကိုင်နေကြရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေဟာ ရောဂါပိုးအန္တရာယ်အပြင် အလုပ်တွေ ရပ်ဆိုင်းခံထားရပြီး ဝင်ငွေပြတ်လပ်မှုနဲ့ စားနပ်ရိက္ခာ အခက်အခဲအချို့ ကြုံခဲ့ရပါတယ်။
ချင်းမိုင်ကနေ တနာရီလောက် ကားမောင်းသွားရတဲ့ Baan Tong Luang ဆိုတဲ့ ကြေးကွင်းပတ် ကယန်းလူမျိုးတွေ ရှိတဲ့ နေရာမှာ ကြေးပတ်ကယန်းတွေနဲ့ Mae Sa ဆင်စခန်းက ဆင်ထိန်းတွေကို ဧရာဝတီ မိသားစုက ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကုလားပဲနဲ့ ငါးခြောက်တွေ မေလအတွင်းက သွားရောက် လှူဒါန်းခဲ့ပါတယ်။
အဲဒီနေရာကို ရောက်ရှိနေကြတဲ့ ကြေးပတ် ကယန်း အများစုဟာ ကယားပြည်နယ် ဒီးမော့ဆို မြို့နယ် ပန်ပက် ကျေးရွာအုပ်စုက ဖြစ်ပါတယ်။ သူတို့နယ်မြေကို ပြန်လိုကြပေမယ့်လည်း မြန်မာနိုင်ငံထဲမှာ ရှိတဲ့ ပန်ပက်ကျေးရွာက ခရီးသွားလုပ်ငန်းတွေလည်း ကိုဗစ်ကြောင့် ပိတ်ထားရပါတယ်။
ဆင်စခန်းတွေမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေမှာလည်း ဝင်ငွေ အခက်အခဲတွေရှိနေကြသလို စားနပ်ရိက္ခာ လည်း အခက်အခဲရှိနေကြပါတယ်။ ဒါကြောင့်မို့လို့ ဧရာဝတီ သတင်းဌာန အနေနဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာ လုပ်သားတွေရဲ့ ဘဝအခြေအနေ၊ ခက်ခဲမှုတွေအကြောင်း သတင်းသွားရောက် ရယူရင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။
ပျဉ်းမနားမြို့နယ်ရှိ ရေရှားပါးသည့် ဒေသများသို့ ဧရာဝတီ မိသားစုက ရေလှူဒါန်း
ဒါ့အပြင် ဧရာဝတီ သတင်းဌာန (The Irrawaddy မိသားစု)ဟာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက်ပိုင်း ကျေးရွာအချို့မှာ နွေရာသီကာလအတွင်း ချောင်းရေ တွင်းရေ ခန်းခြောက်ခြင်းတို့ကြောင့် သောက်သုံးရေ ပြတ်လတ်မှုများ ဖြစ်ပေါ်နေကြောင်း သိရတာကြောင့် မေလအတွင်းမှာပဲ ရေလှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။
ရေဂါလံ ၂၀၀၀ ဆံ့ ရေကား ၁၀ စီးစာ အလှူငွေကို ပျဉ်းမနားမြို့ အခြေစိုက် “မျှဝေသောလက်များ” ပရဟိတ အသင်းသို့ လှူဒါန်းခဲ့ပြီး တာဝန်ရှိသူများနဲ့အတူ ရေလိုအပ်နေသည့် မြစိမ်းတောင် တောရ ဘုန်းကြီးကျောင်း၊ ဇီးရိုင်းကျေးရွာသို့ သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။
“ကိုဗစ် ကုသရေးဌာန” (ဧရာဝတီ စင်တာ) အတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်း
ဧရာဝတီ ဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် COVID-19 လူနာများအား လက်ခံ ကုသပေးနေသည့် “COVID-19 ယာယီ ကုသရေးဌာန” (ဧရာဝတီ စင်တာ) အတွက် “The Irrawaddy Digital Media” ၏ CEO ကိုအောင်ဇော်နှင့် မိသားစုမှ ကာလဒါန အလှူအဖြစ် ငွေကျပ် ၁၀ သိန်းကိုလည်း အောက်တိုဘာလအတွင်း ပေးအပ် လှူဒါန်းခဲ့ပါတယ်။
CEO ကိုအောင်ဇော်ဟာ လက်ရှိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ရောက်ရှိ နေတာကြာင့် သူ့ရဲ့ ကိုယ်စား သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ ဧရာဝတီ စင်တာမှာလည်း ကိုဗစ် လူနာများအား ကုသရေး၊ စားသောက်ရေး၊ လုံခြုံမှုရှိရေးနှင့် အခြားအထွေထွေ လိုအပ်ချက်များ ကူညီဆောင်ရွက်လျက် ရှိပြီး ပါဝင် လှူဒါန်းလိုသူများအနေနဲ့ စေတနာ ထက်သန်စွာ လှူဒါန်းနိုင်ရန် တိုက်တွန်းလိုက်ပါတယ်။