တောင်ကိုရီးယားနိုင်ငံမှာ Social distancing ထိန်းချုပ်မှု ပထမအဆင့် ပြန်လည် ဖြေလျှော့ခဲ့ပြီးနောက် ၄ ရက်ဆက်တိုက် ကူးစက်မှုနှုန်း အနည်းငယ် မြင့်တက်လာခဲ့ပါတယ်။ အရင်ပတ်က ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ အချက်နဲ့ ဖြေလျှော့ပေးပြီးနောက်မှာပဲ ပုံမှန်ထက် ကူးစက်မှု ဆယ်ဂဏန်းလောက် တိုးလာတာပါ။
အစိုးရက ဗိုင်းရပ်စ်ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတဲ့ကြားက အမြင့်ဆုံးအဖြစ် အောက်တိုဘာ ၁၇ ရက်မှာ တရက်တည်း ၉၁ ယောက်ထိ ရှိလာခဲ့ပါတယ်။ ဆိုးလ်မြို့တော်က ဆေးရုံတွေမှာ အစုလိုက်ကူးစက်မှုတွေ မြင်တွေ့လာရတယ်လို့ တောင်ကိုရီးယား ရောဂါထိန်းချုပ်ကာကွယ်ရေးအေဂျင်စီ (KDCA) က ပြောဆိုလိုက်ပါတယ်။
လတ်တလော ကူးစက်မှုတွေ များလာတာဟာ ရောဂါရှာဖွေမှု တိုးမြင့်လိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ အမြင့်ဆုံးဖြစ်ခဲ့တဲ့ စနေနေ့က ကူးစက်မှုမှာ ပြည်တွင်းကူးစက်မှု ၇၁ ခုနဲ့ ပြည်ပက ပြန်လာသူတွေမှာ ကူးစက်မှု ၂၀ ခု ရှိခဲ့တာပါ။
ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပြီဆိုတဲ့ အချက်ကြောင့် အစိုးရက Social distancing ထိန်းချုပ်မှုတွေကို ပထမအဆင့် လျှော့ချလိုက်ပြီးနောက် တပတ်အကြာမှာ အခုလို ကူးစက်မှုနှုန်း အနည်းငယ် ပြန်မြင့်တက်လာတာပါ။
KDCA ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂ ပတ်က ကူးစက်မှုနှုန်း ၆၆ ဒသမ ၅ ကနေ ၆၁ ဒသမ ၈ ရာခိုင်နှုန်းကို ကျဆင်းလာပေမယ့် ကူးစက်မှုလမ်းကြောင်း မသိရတဲ့ ကူးစက်မှုတွေ ၁၅ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းကူးစက်မှုတွေ များလာတဲ့ထဲမှာ မြို့တော်ဆိုးလ်က ၁၁ ဦးနဲ့ အနီးနားက Gyeonggi ဒေသက ၁၅ ဦး၊ အင်ချွန်းက ၄ ဦးထိ ရှိခဲ့ပြီး၊ ဘူဆန်က ၁၄ ဦး ကူးစက်ခံထားရပါတယ်။ ဒါ့အပြင် ကိုရီးယားနိုင်ငံဟာ တခြားနိုင်ငံတွေလိုပဲ ပြည်ပက ပြန်လာသူတွေမှာလည်း ကူးစက်မှုတွေ ရှိနေပါတယ်။
ပြည်ပက ပြန်လာသူတွေထဲမှာ အာရှတိုက်က ပြန်လာသူ အများဆုံးဖြစ်ပြီး၊ ဥရောပနဲ့ အမေရိကတိုက်က ပြန်လာသူတွေမှာလည်း အနည်းငယ် ကူးစက်ခံထားရပါတယ်။ ဒါ့အပြင် အာဖရိကတိုက်မှ ပြန်လာသူ ၁ ဦး အပါအဝင် နိုင်ငံ ၁၈ နိုင်ငံက ပြန်လာသူစုစုပေါင်း ၂၆ ယောက် ကူးစက်မှုတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အောက်တိုဘာ ၁၉ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ COVID-19 ရောဂါပြင်းထန်သူ ၇၈ ယောက်ထိ ရှိပါတယ်။ သေဆုံးမှုနှုန်းက ၁ ဒသမ ၇၆ ရာခိုင်နှုန်းနဲ့ စုစုပေါင်း ၄၄၄ ဦးရှိသွားပါပြီ။ ကူးစက်မှုခံရ သူပေါင်း ၂၅,၂၇၅ ဦးနဲ့ ဆေးရုံက ပြန်ဆင်းသွားသူ ၂၃,၃၆၈ ဦးရှိပြီလို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်၊ နှစ်စပိုင်း ဇန်နဝါရီလ ၃ ရက်ကစလို့ လက်ရှိအချိန်ထိ COVID-19 စမ်းသပ်မှုပေါင်း ၂ ဒသမ ၄၇ သန်း ကျော်လွန်သွားပြီလို့ KDCA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Ref: The Korea Herald
You may also like these stories:
ပြင်သစ်မှာ ညမထွက်ရအမိန့် မတိုင်ခင် မြို့ခံ သန်းနဲ့ချီ အပြင်ထွက်လည်
Remdesivir ဆေးက ကိုဗစ်လူနာသေဆုံးမှုကို အနည်းငယ်သာ လျှော့ချနိုင်ဟု WHO တွေ့ရှိ
ကူးစက်မှု မြင့်တက်လာတဲ့ ဥရောပနိုင်ငံတွေမှာ စည်းမျဉ်းတွေ တင်းကျပ်စွာ ထုတ်ပြန်