ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း သန်း ၄၀ ကျော်လွန်သွားခဲ့ပါပြီ။ နိုင်ငံတနိုင်ငံချင်းစီက ထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းတွေအရ အောက်တိုဘာ ၁၉ ရက်မှာ နောက်ထပ် စံချိန်တခုကို ထပ်ရောက်သွားခဲ့တာပါ။
ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအပေါ်ပဲ ရေတွက်ရတာဖြစ်လို့ အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်နဲ့ ကွာဟနိုင်တယ်လို့ ဆိုပါတယ်။ ရောဂါရှာဖွေမှု အားနည်းနေသေးတဲ့ နိုင်ငံတွေမှာ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းဟာ တရားဝင် ကိန်းဂဏန်းတွေ ဒီထက် ပိုများနိုင်တယ်လို့ ပြောဆိုလိုက်တာပါ။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပထမဆုံး ကူးစက်လူနာကို တွေ့ရှိခဲ့ပြီး ၃ လအကြာမှာ ကူးစက်ခံရသူပေါင်း ၁၀ သန်း ကျော်လွန်ခဲ့ပါတယ်။ နောက်ထပ် ၄၄ ရက်အကြာမှာပဲ သန်း ၂၀ ကျော်သွားခဲ့ပြီး၊ သန်း ၃၀ ရောက်ဖို့အတွက် တော့ ၃၈ ရက် ကြာမြင့်ခဲ့ပါတယ်။ နောက်ဆုံး သန်း ၄၀ ကျော်လွန်လာခဲ့ချိန်မှာတော့ ရက်ပေါင်း ၃၂ ရက်ပဲ ရှည်ကြာခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြပါတယ်။
အရင်လတွေက ကမ္ဘာတဝှမ်း ၂၄ နာရီအတွင်း ကူးစက်လူနာ ၃ သိန်းဝန်းကျင်သာ ရှိခဲ့ရာက ယခင်အပတ်မှာ ၄ သိန်းကျော်နဲ့ အများဆုံး စံချိန်တင် ကူးစက်ခံရပါတယ်။ အောက်တိုဘာ ၁၉ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာပေါင်း ၄၀,၃၂၃,၂၂၁ ဦးနဲ့ သေဆုံးသူ ၁,၁၁၈,၈၂၆ ဦး ရှိပါတယ်။ ပျောက်ကင်းသက်သာသူကတော့ ၃၀,၁၃၅,၁၉၅ ဦး ရှိပါပြီ။
ကူးစက်မှုအများဆုံးဖြစ်တဲ့ နိုင်ငံတွေကတော့ အရင်အတိုင်း အမေရိကန်၊ အိန္ဒိယနဲ့ ဘရားဇီး နိုင်ငံတို့ဖြစ်ပြီး၊ တောင်နဲ့မြောက် အမေရိကတိုက်နိုင်ငံတွေက စုစုပေါင်း ကူးစက်နှုန်းဟာ ကမ္ဘာ့ကူးစက်မှုနှုန်းရဲ့ ထက်ဝက်ခန့် ရှိနေပါတယ်။
ကမ္ဘာပေါ်မှာ ကူးစက်မှု ၈ သန်းကျော်နဲ့ အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ ကူးစက်မှုရာခိုင်နှုန်းက လူဦး ရေ ၁၀,၀၀၀ မှာ ၂၄၇ ယောက်နှုန်းနဲ့ ကူးစက်ခံနေရတာပါ။ အိန္ဒိယနဲ့ ဘရားဇီးကတော့ လူ ၁၀,၀၀၀ မှာ ၅၅ ယောက်နဲ့ ၂၄၈ ယောက် အသီးသီး ကူးစက်ခံနေရပါတယ်။
လတ်တလော ကူးစက်မှုနှုန်း မြင့်တက်လာတာကတော့ ဥရောပနိုင်ငံတွေဖြစ်ပြီး သေဆုံးသူပေါင်း ၂၅၀,၀၀၀ ကျော် လွန်သွားပါပြီ။ နေ့စဉ် ဥရောပမှာ ကူးစက်ခံလူနာ ၁၅၀,၀၀၀ ကျော် ကူးစက်ခံနေရတာပါ။ အီတလီ၊ နယ်သာလန်၊ ယူကရိန်း၊ ပိုလန်၊ ဂျာမနီ၊ သြစတြီးယား၊ ဆိုက်ပရပ်စ်နဲ့ ချက်သမ္မတနိုင်ငံတွေမှာလည်း ကူးစက်မှုနှုန်း မြင့်တက်လာတာကို မြင်တွေ့နေရပါတယ်။
ဥရောပတိုက်ဟာ ကမ္ဘာ့ကူးစက်မှုရဲ့ ၁၇ ရာခိုင်နှုန်းကျော်ရှိနေပြီး၊ သေဆုံးမှုနှုန်းကတော့ ၂၂ ရာခိုင်နှုန်း နီးပါး ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က COVID-19 ကပ်ရောဂါကြောင့် သေဆုံးနှုန်းကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကာကွယ်ဆေး မပေါ်ခင်ထိ လက်ရှိ အရေအတွက်ထက် ၂ ဆ မြင့်တက်သွားနိုင်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။
Ref: Channel News Asia
You may also like these stories:
ပြင်သစ်မှာ ညမထွက်ရအမိန့် မတိုင်ခင် မြို့ခံ သန်းနဲ့ချီ အပြင်ထွက်လည်
ကူးစက်မှု မြင့်တက်လာတဲ့ ဥရောပနိုင်ငံတွေမှာ စည်းမျဉ်းတွေ တင်းကျပ်စွာ ထုတ်ပြန်