တောင်အမေရိကတိုက် နိုင်ငံတနိုင်ငံဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁ သန်း ကျော်လွန်သွားပါပြီ။ ဒါဟာ ကမ္ဘာပေါ်မှာ ကူးစက်ခံရသူ ၁ သန်းကျော်လွန်တဲ့ ပဉ္စမမြောက်နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။
အာဂျင်တီးနားထဲက Ushuaia “End of the World” လို့ တင်စားကြတဲ့ အပန်းဖြေမြို့လေးမှာတောင် ကူးစက်မှုနှုန်းတွေ မြင့်တက်လာတာ မြင်တွေ့နေရပါတယ်။ ဆရာဝန်တွေကလည်း အရင်လကထက် ကုတင်နေရာ ၄ ဆ လောက် တိုးချဲ့လိုက်ရပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ စမ်းသပ်လိုက်တဲ့သူတွေထဲက အနည်းဆုံး ၆၀ ရာခိုင်နှုန်း ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ကြတာပါ။
“ကျနော်တို့တွေက ဒီတိုင်းပြည်ရဲ့ ပြယုဂ်ဖြစ်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ တဦးဦး ရောက်လာခဲ့တယ်ဆိုတာ သိသာထင်ရှားနေတာပဲ” လို့ Ushuaia မြို့ ဒေသဆေးရုံအကြီးအကဲ Carlos Guglielmi က ပြောပါတယ်။
နောက်ထပ် လက်တင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ပီရူး၊ ကိုလံဘီယာ၊ မက္ကဆီကိုနိုင်ငံတွေလည်း လာမယ့်အပတ်ထဲမှာ ကူးစက်ခံရသူ ၁ သန်းကျော်လွန်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ လက်တင်အမေရိကနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရမှု အခြေအနေ အဆိုးဆုံး အနေအထားမှာ ရှိနေပါတယ်။
လက်တင်အမေရိကနိုင်ငံတွေထဲ တချိန်တည်းမှာပဲ ကူးစက်မှု ကျဆင်းသွားတဲ့ နိုင်ငံတွေကို တွေ့လာရသလို၊ တဖက်မှာလည်း ကူးစက်မှုမြင့်တက်လာတဲ့ နိုင်ငံတွေ ရှိလာနေပါတယ်။ “COVID-19 ဒုတိယလှိုင်းက ပထမလှိုင်း မပြီးပြတ်သေးခင်မှာပဲ ရောက်လာတယ်” လို့ ကိုလံဘီယာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပါမောက္ခတဦးဖြစ်တဲ့ Luis Jorge Hernandez က ဆိုပါတယ်။
အာဂျင်တီးနားဟာ ကမ္ဘာပေါ်မှာ အရှည်ကြားဆုံး Lockdowns စည်းမျဉ်းတွေကို ချမှတ်ထားတဲ့ကြားက ကူးစက်မှုနှုန်းတွေ တရိပ်ရိပ် တက်လာတာကို မြင်နေရတာပါ။ ကိုလံဘီယာနိုင်ငံမှာတော့ မြို့ကြီးတွေမှာ ကူးစက်မှုနှုန်း ကျဆင်းလာသော်ငြားလည်း ကော်ဖီဒေသ Caldas လို မြို့ငယ်လေးတွေမှာ ကူးစက်မှုနှုန်းတွေ မြင့်တက်နေပါတယ်။
ပီးရူးနိုင်ငံမှာလည်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ကြည့်ရင် ကူးစက်မှုနှုန်း ကျဆင်းတယ် ဆိုပေမယ့် ဒေသ ၁၂ ခုမှာ ကူးစက်မှုနှုန်း မြင့်တက်နေတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ မက္ကဆီကိုနိုင်ငံလည်း တခြားနိုင်ငံတွေလို အောက်တိုဘာ ပထမပတ်လောက်ကစပြီး ဒေသအားလုံးရဲ့ ၄ ပုံ ၁ ပုံလောက်မှာ ကူးစက်မှုတွေ ပြန်မြင့်တက်နေပါတယ်။
အာဂျင်တီးနားဟာ စတင်ကူးစက်ချိန်က ကူးစက်မှုနှုန်းနိမ့်တဲ့ နေရာမှာ ရှိခဲ့ပေမယ့် အခုခါမှာတော့ နေ့စဉ် ကူးစက်မှုနှုန်း အမြင့်ဆုံး တိုင်းပြည်တွေထဲမှာ ပါဝင်လာနေပြီလို့ Our World in Data က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အာဂျင်တီးနားရဲ့ ဗိုင်းရပ်စ်စမ်းသပ်မှုနှုန်း နည်းနေသေးတာကို မြင်တွေ့ရမှာပါ။ အောက်တိုဘာ ၁၈ ရက်မှာ ကိုလံဘီယာက စမ်းသပ်မှုပေါင်း ၃၂,၀၀၀ နီးပါး လုပ်ခဲ့စဉ်မှာ အာဂျင်တီးနားကတော့ ၁၃,၀၀၀ ကျော်ပဲ လုပ်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ အာဂျင်တီးနားနိုင်ငံမှာ ကူးစက်ခံရသူ စုစုပေါင်း ၁,၀၃၇,၃၂၅ ဦး နဲ့ သေဆုံးသူ ၂၇,၅၁၉ ရှိကာ ပြန်လည် သက်သာလို့ ဆေးရုံက ဆင်းသွားသူ ၈၄၀,၅၂၀ ဦး ရှိပါပြီ။
Ref: Aljazeera
You may also like these stories:
စပိန်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် မြို့တော် မက်ဒရစ်ကို Lockdown ချ
အိန္ဒိယမှာ ၂၄ နာရီအတွင်း COVID-19 ကူးစက်မှု ၇ သောင်းကျော်နဲ့ စံချိန်တင်
တောင်ကိုရီးယားမှာ ထိန်းချုပ်မှု ဖြေလျှော့ပြီးနောက် ကူးစက်မှု အနည်းငယ် မြင့်တက်