ချက်သမ္မတနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ အခြေအနေ ဆိုးရွားလာနေတယ်လို့ ဝန်ကြီးချုပ် Andrej Babis က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။ ခေါင်းဆောင် အနည်းငယ်သာ လုပ်လေ့ရှိတဲ့ အပြုအမူအတိုင်း ပြည်သူတွေကို ၅ ကြိမ်တိုင် တောင်းပန်စကား ပြောကြားခဲ့တာပါ။
ဥရောပတိုက်က ချက်သမ္မတနိုင်ငံဟာ COVID-19 ကပ်ရောဂါကူးစက်မှု ပထမလှိုင်းမှာ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒုတိယလှိုင်းမှာတော့ နေ့စဉ် ကူးစက်မှုတွေ သောင်းဂဏန်းကျော်ထိ ဆိုးရွားလာခဲ့ပါတယ်။ နိုင်ငံတွင်းမှာ ကုသပေးနေတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာကြောင့် ပြည်ပရောက်နေသူတွေပါ ပြန်လာပြီး ဗိုင်းရပ်စ်ကို အတူတိုက်ဖျက်ဖို့ ကျန်းမာရေးဝန်ကြီးက ခေါ်ဆိုခဲ့ပါတယ်။
ဆေးတက္ကသိုလ်တက်ရောက်နေဆဲ ကျောင်းသားတွေနဲ့ ဆေးဘက်ဆိုင်ရာ လေ့ကျင်းရေးသင်တန်းဆင်းဖူးသူတွေပါ ကူညီဖို့ ရောက်ရှိနေပါတယ်။ ဒါ့အပြင် အလုပ်ကနေ အနားယူသွားတဲ့ သူနာပြု အယောက် ၁၀၀၀ ကျော်ကိုလည်း လုပ်ငန်းခွင်ပြန်ဝင်ဖို့ ခေါ်ယူထားပါတယ်။
လက်ရှိမှာတော့ မြို့တော် ပရက်ဂ်က Na Bulovce ဆေးရုံမှာ ကူးစက်လူနာတွေအတွက် လုံလောက်နေသေးတယ် ဆိုပေမယ့် ဒီ့ထက်ဆိုးရွားလာနိုင်တဲ့ အခြေအနေအတွက်လည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် Babis အစိုးရအဖွဲ့ကတော့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံ လွဲချော်ခဲ့တာကြောင့် အခုလို ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်လာခဲ့တာလို့ ဝန်ခံပြောကြားလိုက်သလို၊ ပြည်သူတွေ ဘက်ကလည်း ကန့်သတ်ထားတဲ့ Lockdown စည်းမျဉ်းတွေကို လိုက်နာကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ချက်ခေါင်းဆောင်ရဲ့ စိုးရိမ် ပူပန်ခဲ့တဲ့အတိုင်း တခြားဥရောပနိုင်ငံတွေလို ကူးစက်မှုနှုန်းတွေ မြင့်တက်ပြီး၊ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ရမယ့် အခြေအနေ ဖြစ်လာခဲ့ပါပြီ။ အသစ် ထုတ်ပြန်လိုက်ရတဲ့ ကန့်သတ်ချက်တွေကြောင့် ထိခိုက်သွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူတွေနဲ့ ဝန်ထမ်းတွေကိုလည်း တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အောက်တိုဘာ ၂၁ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ၅ နိုင်ငံ နောက်မှာ စပိန်နဲ့ ပြင်သစ်ဟာ ကူးစက်ခံရသူပေါင်း ၁ သန်းကျော် လွန်သွားတဲ့ ထပ်တိုးနိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံမှာလည်း အောက်တိုဘာ ၂၂ ရက်မနက်ပိုင်းကစလို့ ပြည်သူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်ပါတယ်။ အရေးမကြီးတဲ့ လုပ်ငန်းတွေနဲ့ စတိုးဆိုင်တွေကို နိုဝင်ဘာ ၃ ရက်နေ့ထိ ပိတ်သိမ်းဖို့ ထုတ်ပြန်ထားသလို၊ မြို့ထဲ၊ မြို့ပြင် ဘယ်နေရာမဆို ကားထဲမှာတောင် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ကြဖို့ သတ်မှတ်လိုက်ပါတယ်။
“ကျနော်တို့ မေလကုန်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ထိန်းချုပ်နိုင်ပြီဆိုပြီး ပြန်ဖွင့်ပေးခဲ့တာက ဆုံးဖြတ်ချက် မှားသွားတာပါပဲ” လို့ ဝန်ကြီးချုပ် Babis က ဆိုပါတယ်။ US National Guard ကနေ ချက်သမ္မတနိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကူညီဖို့အတွက် ဆရာဝန်အင်အား ၂၈ ယောက်ပို့ဆောင်ပေးထားတယ်လို့ ကျန်းမာရေးဝန်ကြီး Roman Prymula က ပြောကြားလိုက်ပါတယ်။
Ref: edition.cnn
You may also like these stories:
အနောက်ဥရောပနိုင်ငံတွေမှာ ပထမဆုံး ကိုဗစ် ကူးစက်မှု ၁ သန်းကျော်သွားတဲ့ စပိန်
အာဂျင်တီးနားမှာ COVID-19 ကူးစက်မှု ၁ သန်းကျော်ပြီ
ကိုဗစ်ပိုးကူးမှု ရပ်နိုင်စေသော ကိုယ်ခံအားလမ်းကြောင်း Johns Hopkins သုတေသီများ ရှာတွေ့