ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန်၊ အလယ်ပေါက်ရှိ Myanmar Asia Optical မှန်ဘီလူးစက်ရုံမှ ယနေ့(အောက်တိုဘာ ၂၃ ရက်)အထိ ကိုဗစ်အတည်ပြု လူနာတွေ့ရှိမှု စုစုပေါင်း ၅၀၃ ဦးအထိရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ စက်ရုံသည် ဖုန်း၊ တီဗီများတွင် အသုံးပြုသည့် မှန်ဘီလူး အမျိုး အစား အမျိုးမျိုးကို ထုတ်လုပ်နေသည့် တရုတ်နိုင်ငံသားပိုင် စက်ရုံကြီး တခုဖြစ်ပြီး အလုပ်သမား ၆၀၀၀ ကျော်ရှိပြီး၊ ကိုဗစ်ကာလအတွင်း အလုပ်ပိတ် သဖြင့် နေရပ်ပြန်ကြခြင်းကြောင့် စက်ရုံတွင် လက်ရှိတွင် အဆောင်နေ အလုပ်သမားများအပါအဝင် လုပ်သား ၃ ထောင်ကျော် ရှိသည်ဟု သိရသည်။
မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက“မနေ့ညက ထုတ်ပြန်ချက်အရ မှန်ဘီလူးစက်ရုံမှာ ပိုးတွေ့ လူ နာ ၅၀၃ ဦးရှိပါပြီ။ ပိုးစတွေ့တဲ့ နေ့ကတည်းက နေ့တိုင်း တနေ့ကို လူ ၂၀၀၊ ၃၀၀ စစ်တဲ့ Test kit ပေါ် မူတည် ပြီး စစ်ပေးတယ်။ Test kit ကလည်း သူ့ တန်ဖိုးရှိတော့ Test kit ရတဲ့အပေါ် မူတည်ပါတယ်” ဟု ပြောသည်။
စက်တင်ဘာ နောက်ဆုံးပတ်အတွင်း အလုပ်သမား ၁ ဦးသည် အနံ့မရသဖြင့် ဆေးရုံပို့ စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ ပြီးနောက် စက်တင်ဘာ ၂၇ ရက်နေ့မှ စတင်ကာ စက်ရုံလုပ်သားများတွင် ကိုဗစ်ပိုး ရှိ၊ မရှိကို တနေ့လျှင် လူဦးရေ ၂၀၀ မှ ၃၀၀ ဝန်းကျင်အား စစ်ဆေးပေးနေရာ လက်ရှိတွင် ရာဂဏန်းမျှသာ စစ်ရန် ကျန်ရှိကြောင်း သိရသည်။
အဆိုပါ စက်ရုံတွင်းရှိ အဆောင်များတွင် အလုပ်သမားများစွာ ပြည့်ကျပ်စွာ နေထိုင်ကြရပြီး စားသောက်ခန်း များ၊ ရေချိုးရန် နေရာများနှင့် သန့်စင်ခန်းများမှာလည်း အများသုံးဖြစ်သဖြင့် သန့်ရှင်းမှုလည်း မရှိကြောင်း၊ ရောဂါကူးမည်ကိုလည်း စိုးရိမ်ကြောင်း Myanmar Asia Optical စက်ရုံမှ အမည်မဖော်လိုသူ အလုပ် သမားတဦးက ပြောသည်။
အလုပ်သမားအရေးလှုပ်ရှားသူများက လူရာနှင့်ချီ ပိုးကူးစက် ပျံ့နှံ့မှုများ ဖြစ်ပေါ်နေသည့်အတွက် စက်ရုံတာဝန်ရှိ သူများကို တစုံတရာအရေးယူမှုများ ပြုလုပ်သင့်ကြောင်း၊ ပိုးကူးစက် ခံရသည့် ဝန်ထမ်းများ၏ စားဝတ်နေရေး နှင့် အလုပ်အကိုင်ကိစ္စအား မည်သို့ ဆက်လက်လုပ်ဆောင်ထားသည်ကိုလည်း မသိရှိရကြောင်း ထောက်ပြ နေကြသည်။
Labour Power Groupမှ ဥက္ကဋ္ဌ ကိုကျော်မျိုး ထွေးက “ဒါအရေးယူသင့်တယ်။ ဘာလို့လဲဆိုတော့ သူတို့က အထဲမှာ အဆောင်ပေးထားတယ်။ အဲဒီမှာပဲ အလုပ် လုပ်ရတယ်။ ဆိုတဲ့အခါကျတော့ ကျန်းမာရေး လမ်းညွန် ချက်တွေ မလိုက်နာလို့သာ ဒီလောက်အထိ ပိုးပြန့်သွားတာ’’ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “အဆောင်ပေးထားပေမယ့်လည်း အဆောင်ရဲ့တာဝန်ရှိသေးတယ်။ သူတို့က စက်ရုံပိတ် ထားတယ် ဆိုတာနဲ့ပဲ ခေါင်းရှောင်သွားတယ်။ တကယ်ဆို အလုပ်သမားတွေ တယောက်နဲ့ တယောက်ခြားပြီး နေလား။ စားသောက်တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီလားဆိုတာတွေ ပြန်စစ်ရမှာ။ အဲဒါတွေ သေချာ မလုပ်ပေး လို့သာ ဒီလောက်ထိ ဖြစ်လာတာ။ ဒီအချက်တွေကြည့်ပြီး ကျနော်တို့က အရေးယူသင့်တယ်လို့ ပြောတာပါ”ဟု ပြောသည်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကမူ ကိုဗစ်ပိုးကူးစက်မှုက စက်ရုံ ပြင်ပက ကူးစက်မှု ဖြစ်နိုင်သည့်အတွက် ထိုစက်ရုံကို အရေးယူရန် မရှိပါဟု ဆိုသည်။
၎င်းက“ကျနော်တို့ကတော့ အရေးယူဖို့ မရှိဘူး။ ဒါပေမယ့် ပြည်ထောင်စုအစိုးရကနေ အောက်ခြေက မြို့နယ် ဌာနဆိုင်ရာကို တရားစွဲခိုင်းရင်တော့ မပြောတတ်ဘူး။ အရေးယူတာတို့၊ ဆေးစစ်တာတို့၊ လူနာထုတ်ပြန်တာ တို့က ပြည်ထောင်စုကနေ ကိုင်ထားတာ။ ကျနော်တို့ မြို့နယ်အဆင့်က ဘာမှ မသိရဘူး”ဟု ပြောသည်။
လက်ရှိ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၉၅၅ ဦးရှိပြီး Quarantine ဝင်နေရသူ ၆၀၀ ဦးရှိကြောင်း မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အစိုးရက စက်ရုံအလုပ်ရုံများကို အောက်တိုဘာ ၁၃ ရက်တွင် ကိုဗစ်စည်းကမ်းချက်များနှင့် ညီညွတ်သော အဆင့် A၊ B ရှိသည့် စက်ရုံများအား ပြန်လည် ဖွင့်လှစ်ခွင့်ပေးရာတွင် အဆင့်မှီ၊ မမှီကို စစ်ဆေးခြင်းမရှိဘဲ ပြန်ဖွင့်ခွင့် ပေးခဲ့သဖြင့် ယခုအခါ စက်ရုံများတွင် ရောဂါပိုး ကူးစက်ခံရသူများ ရှိလာသဖြင့် အလုပ်သမားအရေး ဆောင်ရွက်သူများအနေဖြင့် ဝေဖန်မှုများ ရှိနေကြသည်။