အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေး ထုတ်လုပ်သွားဖို့ ရှိပါတယ်။ ယခုအပတ် အစောပိုင်းက ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ ပထမအဆင့်မှာ နှစ်နိုင်ငံအတူ ပူးပေါင်းလုပ်ဆောင်မယ့်အကြောင်းကို သဘောတူခဲ့ကြတာပါ။
COVID-19 ကာကွယ်ဆေး ထုတ်လုပ်ဖို့နဲ့ ပတ်သက်ပြီး ပထမအဆင့် ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံက ဇီဝနည်း ပညာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေနဲ့အတူ မြန်မာနိုင်ငံဘက်ကလည်း တာဝန်ရှိသူတွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က “မြန်မာအစိုးရဘက်က COVID-19 ကာကွယ်ဆေး အတူတကွ ထုတ်လုပ်ရာမှာ ပါဝင်ဖို့အတွက် အိန္ဒိယနိုင်ငံဘက်ကို ပြောကြားခဲ့တယ်” လို့ WION ကို ပြောပါတယ်။
အောက်တိုဘာလအစောပိုင်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Harsh Shringla မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က ကာကွယ်ဆေး အတူတကွ ထုတ်လုပ်မယ့် အစီအစဉ်မှာ မြန်မာကို အဓိကထားဦးစားပေးသွားမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာ မြန်မာနိုင်ငံကို COVID-19 ကူးစက်မှု လျော့ကျလာအောင် ကူညီဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ကုသဆေး Remdesivir ဆေး ၃,၀၀၀ ကျော် ပေးအပ်ခဲ့ပါသေးတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေမှာ အိန္ဒိယနိုင်ငံကလည်း ဒေသတွင်းမှာရော၊ ကမ္ဘာပေါ်မှာပါ COVID-19 ကူးစက်မှု အများဆုံး ဒုတိယနေရာမှာရှိနေသလို၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းကူးစက်မှုတွေကြောင့် ဒေသတွင်း ကူးစက်မှုအများဆုံးနိုင်ငံထဲမှာ ပါဝင်နေပါတယ်။ အိန္ဒိယဘက်က COVID-19 နဲ့ ပတ်သက်ပြီး အမေရိကန် ဒေါ်လာ ၁ သန်းကျော်ထိ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ AIIMS, PGI Chandigarh တို့ကနေ ပို့ချပေမယ့် COVID-19 နဲ့ ပတ်သက် ဆက်နွှယ်တဲ့ စီမံခန့်ခွဲမှု e-ITEC သင်တန်းတွေကို မြန်မာနိုင်ငံကို ကမ်းလှမ်းခဲ့ပြီး လက်ရှိမှာတော့ အကောင်အထည် ဖော်နေပြီလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဦးရေ ၈ သန်းနီးပါး ရှိလာပြီး၊ သေဆုံးသူကတော့ ၁၁၉,၀၃၀ ဦးရှိကာ၊ ပြန်လည် သက်သာလာသူ ၇ သန်းကျော် ရှိပါတယ်။
Ref: Zee News , The Economic Times
You may also like these stories:
ထိုင်းကို လာရောက် လည်ပတ်နေတဲ့ ပြင်သစ်နိုင်ငံသူ ကိုဗစ် ကူးစက်ခံရ
မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်ဘက်ကနေ ဗိုင်းရပ်စ် ပျံ့နှံ့လာမှာ စိုးရိမ်နေ
COVID-19 ကုသရေးအတွက် Remdesivir ဆေးကို FDA အသိအမှတ်ပြု