ဂျာမနီနိုင်ငံမှာ ၂၄ နာရီအတွင်း ပထမဆုံးအကြိမ် လူပေါင်း ၁၆,၀၀၀ ကျော် COVID-19 ရောဂါ စံချိန်တင် ကူးစက်ခဲ့ပါတယ်။ လက်ရှိ ကူးစက်မှုနှုန်းဟာ တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်ကို ခြိမ်းခြောက်နေပြီလို့ ဂျာမနီ အဓိပတိ Angela Merkel က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
နေ့စဉ် ကူးစက်မှုနှုန်း ၁၆,၀၀၀ ကျော်လွန်လာတာကြောင့် ပြည်နယ် ၁၆ ခုက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ၁ လကြာမြင့်မယ့် တစိတ်တပိုင်း Lockdown စည်းမျဉ်းသစ်ကို သဘောတူညီခဲ့ကြပါတယ်။
နိုဝင်ဘာ ၂ ရက် နေ့မှာ အသက်ဝင်မယ့် တစိတ်တပိုင်း Lockdown ကန့်သတ်ချက်ဟာ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကို လျှော့ပေါ့ပေးထားလို့ လူမှုရေး၊ စီးပွားရေး အသင့်အတင့် လုပ်ဆောင်နိုင်တာကြောင့် “Lockdown light” လို့ ခေါ်ဆိုထားပါတယ်။

“ကျမတို့ တကယ့်ကို အလေးနက်ထား ဆောင်ရွက်ရမယ့် အခြေအနေ ရောက်နေပါပြီ။ အမျိုးသားကျန်းမာရေး အရေးပေါ် အခြေအနေတွေ မဖြစ်အောင် ရှောင်ရှားရမှာပါ။ အခုကတည်းက လုပ်ဆောင်ထားဖို့ လိုပါတယ်” လို့ Merkel က ပြောကြားလိုက်ပါတယ်။
ဂျာမနီမှာ အသစ်ထပ်မံ ထုတ်ပြန်လိုက်တဲ့ တစိတ်တပိုင်း Lockdown စည်းမျဉ်းသစ်တွေကတော့ ဘားတွေကို ပိတ်ပြီး စားသောက်ဆိုင်တွေကို ပါဆယ်စနစ်သာ ရောင်းချရန်၊ လူစုလူဝေးဖြစ်စေမယ့် အခမ်းအနား၊ ပွဲတွေကို ဖျက်သိမ်းရန်၊ မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန်၊ ဟိုတယ်မှာ ညအိပ်နေခြင်းကို တားမြစ်ရန်၊ Work from home လုပ်နိုင်မယ့် အလုပ်တွေကို ခွင့်ပြုရန်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် လူ ၁၀ ယောက်ထက် လူစုလူဝေးခြင်းမပြုရ၊ ပြဇာတ်ရုံနဲ့ ရုပ်ရှင်ရုံတွေကို ပိတ်ထားရန်၊ ကိုယ်လက် လေ့ကျင့်ရေးခန်းမ၊ ရေကူးကန်၊ ချွေးထုတ်ခန်းတွေကို ပိတ်ထားရန်နဲ့ အားကစားပွဲတွေကို ပရိသတ် မပါဘဲ ကျင်းပရန် စတဲ့ စည်းကမ်းများ သတ်မှတ်ထားပါတယ်။
အခြေခံကျောင်းတွေကို ဖွင့်လှစ်ပေးထားမှာဖြစ်ပြီး၊ သက်ကြီးဘိုးဘွား စောင့်ရှောက်ရေး ဂေဟာတွေမှာ ဧည့်သည် တွေ့ဆုံခွင့် ပြုထားရန်၊ ဈေးဆိုင်တွေကို ဖွင့်ပေးထားမှာဖြစ်ပြီး ၁၀ စတုရန်းမီတာ ပတ်လည်မှာ ဈေးဝယ်သူ ၁ ယောက်နှုန်း နေပေးရန်နဲ့ နယ်စပ်ဂိတ်တွေကိုလည်း ဖွင့်ပေးထားမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစလို့ COVID-19 ကုသရေးဆေးရုံတွေက အရေးပေါ်ခန်းတွေမှာ ရောဂါပြင်းထန်သူ အရေအတွက် ပိုများလာပြီး ကူးစက်ခံလူနာ စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းလောက်ဟာ ကူးစက်ခံလမ်းကြောင်း ရှာမတွေ့သူတွေဖြစ်တယ်လို့ Merkel ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။
လက်ရှိပုံစံအတိုင်း ကူးစက်မှုနှုန်းတွေ ဆက်ရှိနေဦးမယ်ဆိုရင် နိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ မနိုင်ဝန်တွေဖြစ်လာနိုင်တယ်လို့ Merkel က သတိပေး ပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံဟာ အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း COVID-19 ကူးစက်လူနာပေါင်း ၁၆,၇၇၄ ဦး တိုးလာတာကြောင့် စုစုပေါင်း ၄၈၁,၀၁၃ ဦး ရှိလာပြီလို့ ဂျာမနီရောဂါထိန်းချုပ်ရေးအေးဂျင်စီ (RKI) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁၀,၃၅၉ ဦး ရှိသွားပါပြီ။
Ref: DW
You may also like these stories:
မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်ဘက်ကနေ ဗိုင်းရပ်စ် ပျံ့နှံ့လာမှာ စိုးရိမ်နေ
ထိုင်းကို လာရောက် လည်ပတ်နေတဲ့ ပြင်သစ်နိုင်ငံသူ ကိုဗစ် ကူးစက်ခံရ
COVID-19 ကုသရေးအတွက် Remdesivir ဆေးကို FDA အသိအမှတ်ပြု