Coronavirus Update

ထိုင်ဝမ်မှာ ပြည်တွင်းကူးစက်မှု မရှိတာ ၆ လကျော်ပြီ

ထိုင်ဝမ်ဟာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု မရှိတာ ရက် ၂၀၀ ကျော်သွားပါပြီ။ ဆောင်းဦးအဝင် တုပ်ကွေးရာသီမှာ ဥရောပနိုင်ငံတွေ COVID-19 ဒုတိယလှိုင်းကြောင့် ကူးစက်မှုတွေ မြင့်တက်နေချိန် ထိုင်ဝမ်မှာတော့ ပြည်တွင်းကူးစက်မှု မရှိတာ ၆ လကျော် ကြာမြင့်နေတာ ဖြစ်ပါတယ်။

ထိုင်ဝမ် ရောဂါထိန်းချုပ်ရေးစင်တာ (CDC) က အောက်တိုဘာ ၂၉ ရက်မှာပဲ ရက် ၂၀၀ တိုင် ပြည်တွင်းကူးစက်မှု မရှိတာကို ကျေးဇူးတင်စကား ပြောသွားခဲ့ပြီး ပြည်သူတွေဘက်ကလည်း အပြင်ထွက်ရင် နှာခေါင်းစည်း Mask တပ်ကြဖို့နဲ့ လက်ကို မကြာခဏ ဆေးကြောဖို့ တိုက်တွန်းလိုက်ပါတယ်။

COVID-19 ကပ်ရောဂါကြီး စတင်ချိန်ကတည်းက လက်ရှိအချိန်ထိ ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၅၃ ဦးနဲ့ သေဆုံးသူ ၇ ယောက်သာ ရှိခဲ့ပါတယ်။ ပြည်တွင်းကူးစက်မှုတွေ မရှိပေမယ့် နိုင်ငံရပ်ခြားက ပြန်လာသူတွေထဲက ကူးစက်လာသူတွေတော့ အနည်းအကျဉ်း ရှိနေပါတယ်။

ထိုင်ဝမ်ဟာ ကပ်ရောဂါ အခြေအနေကို အကောင်းဆုံး ကိုင်တွယ်နိုင်တဲ့ နိုင်ငံအဖြစ် စံထားလောက်စရာဖြစ်နေတာပါ။ မနှစ်က ဒီဇင်ဘာလ၊ ဝူဟန်မြို့မှာ COVID-19 စတင်တွေ့ရှိချိန်ကစလို့ တရုတ်နဲ့ စီးပွားရေး၊ ခရီးသွားလုပ်ငန်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။

ဇန်နဝါရီမှာ စတင်ကူးစက်ခံရချိန်ကစလို့ ပြည်တွင်း ဝင်ရောက်ခွင့်တွေ ကန့်သတ်ခဲ့သလို၊ ပြန်ရောက်လာတဲ့ ထိုင်ဝမ်နိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေကို လေဆိပ်မှာတင် ရောဂါစောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ခဲ့ပြီး ကူးစက်လူနာနဲ့ ထိတွေ့ခဲ့သူတွေကို ခြေရာခံစနစ်တွေ သုံးပြီး ရှာဖွေခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ အစိုးရက ဗဟိုကူးစက်ရောဂါ ညွှန်ကြားမှုစင်တာ တည်ထောင်ပြီး ဌာနပေါင်းစုံနဲ့ ချိတ်ဆက် လုပ်ဆောင်ခဲ့ပါတယ်။ ကူးစက်ရောဂါနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ ကျွမ်းကျင်သူတွေ စုစည်းပြီး နိုင်ငံအတွင်း မလိုအပ်ဘဲ ပစ္စည်းအများအပြား ဝယ်ယူခြင်းနဲ့ ဈေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ထိုင်ဝမ်ရဲ့ GDP တန်ဖိုးဟာ ၂၀၂၀ ခုနှစ်မှာ ၁ ဒသမ ၅၆ ရှိပြီး ၂၀၂၁ မှာ ၃ ဒသမ ၉၂ ထိ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်ထားကြပါတယ်။ CDC ရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း အမေရိကန်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက ပြန်လာသူတွေထဲက အယောက် ၂၀ မှာ ကူးစက်ခံရသူတွေ ပါလာခဲ့ပါတယ်။

ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာတော့ မကြာသေးခင်က ထိုင်ဝမ်က ပြန်လာသူ ၃ ဦးမှာ COVID-19 ကူးစက်မှုတွေ တွေ့ရတဲ့အကြောင်း သတိပေးချက်တွေ ရရှိခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

Ref: Aljazeera

You may also like these stories:

ဂျာမနီမှာ တရက်တည်း ကိုဗစ်လူနာ ၁၆,၀၀၀ ကျော် စံချိန်တင်ကူးစက်

အိန္ဒိယက မြန်မာနဲ့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ သဘောတူ

ထိုင်းကို လာရောက် လည်ပတ်နေတဲ့ ပြင်သစ်နိုင်ငံသူ ကိုဗစ် ကူးစက်ခံရ

Loading