ဂျပန်နိုင်ငံမှာ COVID-19 ကူးစက်လူနာ ၁ သိန်းရှိလာချိန်မှာ တိုကျိုမြို့တော်မှာ လက်ရှိ စမ်းသပ်နှုန်းကို ၆ ဆ မြှင့်တင်သွားဖို့ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။ တုပ်ကွေးရာသီချိန်ကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်သွားဖို့ ရှိပါတယ်။
လက်ရှိ တိုကျိုမြို့မှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုပေါင်း ၁ သောင်းကျော် လုပ်ဆောင်နေပြီး ကျွမ်းကျင်သူတွေက မြို့တော်မှာ နောက်ထပ် ကူးစက်မှု လှိုင်းသစ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ သတိပေး ပြောဆိုထားပါတယ်။
ဒါကြောင့်လည်း တိုကျိုမြို့တာဝန်ရှိသူတွေက တုပ်ကွေးရာသီချိန်မှာ COVID-19 စမ်းသပ်မှုတွေကို ၆ သောင်းကျော်ထိ တိုးမြှင့်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလမှာ ဖြစ်ပွားလေ့ရှိတဲ့ တုပ်ကွေးရာသီအစမှာ ကူးစက်သူ ၄ ဦး ရှိလာပြီလို့ ဆိုပါတယ်။
နိုင်ငံတဝှမ်း ၂၄ နာရီအတွင်း အောက်တိုဘာ ၂၉ ရက်က COVID-19 ကူးစက်လူနာ ၈၀၉ ဦးရှိပြီး ဒါဟာ သြဂုတ်လ ၂၉ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် တရက်တည်း ကူးစက်သူ ၈၀၀ ကျော်သွားတာလည်းဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကာလအစ ဧပြီလမှာ ကူးစက်မှုနှုန်း မြင့်တက်ခဲ့တာကြောင့် နိုင်ငံအဆင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး၊ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းကာ ပြည်သူတွေကို အိမ်ထဲမှာပဲနေဖို့ စည်းမျဉ်း ထုတ်ပြန်ခဲ့ရပါတယ်။
အမြင့်ဆုံး ကူးစက်ခံခဲ့ရတဲ့ သြဂုတ်လနောက်ပိုင်း ကူးစက်မှုနှုန်း လျော့ကျသွားပေမယ့် တဖန်ပြန်လည် မြင့်တက်လာတာကြောင့် ကျွမ်းကျင်သူတွေက သတိပေးပြောဆိုနေတာပါ။ တရားဝင် ထုတ်ပြန်ချက်တွေအရ တိုကျို မြို့တော်မှာ ကူးစက်မှုနှုန်း ပုံမှန်အခြေအနေမှာ ရှိနေဆဲဆိုပေမယ့် နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးမှာတော့ ကူးစက်မှုနှုန်းတွေ မြင့်တက်နေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ အောက်တိုဘာ ၆ ရက်က ဂျပန်နိုင်ငံရဲ့ ကူးစက်နှုန်းဟာ လူ ၁ သိန်းမှာ ၂ ဒသမ ၈၄ ရှိခဲ့ရာက အောက်တိုဘာ ၂၀ ရက်အရောက်မှာတော့ ၃ ဒသမ ၂၁ ထိ မြင့်တက်လာခဲ့သလို နိုင်ငံတွင် စုစုပေါင်း ကူးစက်လူနာ ၁ သိန်း ရှိလာပါပြီ။
သေဆုံးသူ အရေအတွက်တော့ ၁,၇၀၀ ကျော်လွန်သွားပြီလို့ ဆိုပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံဟာ COVID-19 ကူးစက်မှု အများဆုံးနိုင်ငံစာရင်းမှာ အဆင့် ၄၉ နေရာမှာရှိနေပါတယ်။
ဂျပန်ဟာ အမေရိကန်၊ ဥရောပနိုင်ငံတွေလောက် COVID-19 ကူးစက်မှုဒဏ် မခံစားရဘူးဆိုပေမယ့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားတို့ထက် ကူးစက်လူနာ အရေအတွက် ပိုများနေပါတယ်။
Ref: Kyodo News
You may also like these stories:
ထိုင်ဝမ်မှာ ပြည်တွင်းကူးစက်မှု မရှိတာ ၆ လကျော်ပြီ
ဂျာမနီမှာ တရက်တည်း ကိုဗစ်လူနာ ၁၆,၀၀၀ ကျော် စံချိန်တင်ကူးစက်
အိန္ဒိယက မြန်မာနဲ့ ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ သဘောတူ