ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁ သန်းကျော်လွန်သွားချိန်မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တခြားဥရောပနိုင်ငံများနည်းတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ Lockdown ချ ပိတ်ပင်တော့မယ့်အကြောင်း ပြောကြားလိုက်ပါတယ်။ ဗြိတိန်ဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုပေါင်း ၁ သန်းကျော်လွန်သွားတဲ့ နဝမမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဗြိတိန်ဟာ ဥရောပတိုက်မှာ COVID-19 ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကူးစက်သူ ၁,၀၃၄,၉၁၄ နဲ့ သေဆုံးသူ ၄၆,၇၁၇ ဦး ရှိနေပြီလို့ ဖော်ပြထားပါတယ်။ နေ့စဉ်ကူးစက်မှုနှုန်းဟာ ၂၀,၀၀၀ ဝန်းကျင်ရှိနေတာကြောင့် ပညာရှင်တွေက သေဆုံးသူ ၈၀,၀၀၀ ကျော်ထိ အဆိုးဆုံးအခြေအနေ ရောက်လာနိုင်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ် ဂျွန်ဆင်က နိုဝင်ဘာ ၅ ရက် (ကြာသပတေး) ညသန်းခေါင်ယံကနေ စတင်သက်ဝင်မယ့် တနိုင်လုံးအတိုင်းအတာ Lockdown စည်းမျဉ်းသစ်ဟာ ဒီဇင်ဘာ ၂ ရက်နေ့ မနက်ပိုင်းထိ ၁ လကြာမြင့်မယ်လို့ ပြောကြားလိုက်ပါတယ်။ ကူးစက်မှု အခြေအနေပေါ် မူတည်ပြီး အချိန်တိုးမြင့်တာမျိုးလည်း ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ချမှတ်လိုက်တဲ့ Lockdown စည်းမျဉ်းသစ်ကြောင့် ပြည်သူတွေဟာ အလုပ်၊ ကျောင်း၊ ကိုယ်လက်လှုပ်ရှား၊ ဆေးဝါးနဲ့ နေ့စဉ်သုံးပစ္စည်းတွေ ဝယ်ဖို့အတွက်သာ အပြင်ထွက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ “ရွေးချယ်စရာ မရှိတဲ့ အခြေအနေမလို့ မဖြစ်မနေ Lockdown ချ ကန့်သတ်ပိတ်ပင်ရတော့မယ်” လို့ ဂျွန်ဆင်က ပြောကြားလိုက်ပါတယ်။
Lockdown စည်းမျဉ်းသစ်ကြောင့် နေ့စဉ်လိုအပ်တဲ့ ပစ္စည်းအရောင်းဆိုင်နဲ့ ကျောင်းတွေကိုတော့ ဖွင့်လှစ်ပေးထားမှာဖြစ်ပြီး၊ ဘား၊ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်သာ ရောင်းချခွင့် ပေးသွားမှာဖြစ်ပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေက လာမယ့် သတင်းအပတ်တွေမှာ ခရစ္စမတ်ပွဲလို မိသားစု ဆုံတွေ့တာတွေကြောင့် ကူးစက်မှု ပိုများလာနိုင်တယ်လို့ သတိပေးပြောဆိုအပြီးမှာ အခုလို တင်းကျပ်တဲ့ Lockdown စည်းမျဉ်းသစ်ကို ချမှတ်လိုက်တာပါ။
ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ မတ်လ ၂၃ ရက်ကနေ ဇူလိုင် ၄ ရက်ထိ ချမှတ်ခဲ့တဲ့ ပထမတကြိမ်တုန်းကလည်း Lockdown အမိန့်ချဖို့ နောက်ကျခဲ့တယ်ဆိုပြီး နိုင်ငံရေး အတိုက်အခံတွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရဖူးပါတယ်။ ကူးစက်မှုမြင့်နေတဲ့ တခြား ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂျာမနီမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်အပြီးမှာ အင်္ဂလန်ကလည်း Lockdown စည်းမျဉ်းတွေ ချဖို့ ဖြစ်လာခဲ့ပါတယ်။
ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ ဗြိတိန်ဟာ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကို နိုင်ငံတွေပြီးရင် COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအများဆုံး ပဉ္စမမြောက်နိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Ref: Reuters
You may also like these stories:
UK မှာ ကိုဗစ် ကူးစက်မှု မြင့်တက်လာတာကြောင့် ဒုတိယအကြိမ် Lockdown ဖြစ်နိုင်
လူကြီးလူငယ်နဲ့ သက်ကြီး စမ်းသပ်လူနာများကြား အောက်စ်ဖို့ဒ် ကာကွယ်ဆေး အခြေအနေကောင်း
ကူးစက်မှု မြင့်တက်လာတဲ့ ဥရောပနိုင်ငံတွေမှာ စည်းမျဉ်းတွေ တင်းကျပ်စွာ ထုတ်ပြန်
ကမ္ဘာတဝှမ်း COVID-19 ကြောင့် သေဆုံးသူ ၁ သန်းကျော်ပြီ