အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို စတုတ္ထအကြိမ်မြောက် ငွေကြေး ထောက်ပံ့မှု အနေဖြင့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၄ သောင်းစီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငွေကြေးထောက်ပံ့မှုကို ယခင်က ၂၀၂၀ ရွေးကောက်ပွဲနေ့ (နိုဝင်ဘာ ၈ ရက်) မတိုင်မီတွင် ထောက်ပံ့ရန် စီစဉ်ထားခဲ့သော်လည်း ကိုဗစ်ရောဂါအခြေအနေ အပါအဝင်
ရွေးကောက်ပွဲကိစ္စရပ်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် နိုဝင်ဘာ ၈ ရက်နေ့ နောက်ပိုင်းမှ ပေးရန် ပြောင်းလဲစီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေက ဧရာဝတီ သို့ ပြောသည်။
၎င်းက ” အခုအကြိမ်ကတော့ အိမ်ထောင်စုတွေကို ကျပ် ၄ သောင်းစီထောက်ပံ့မှာ ဘယ်ရက်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့လည်း ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှ ဖြစ်လိမ့်မယ် ” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် မတ်လ၊ ဧပြီလအတွင်းမှ စတင်ကာ ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊
ပြည်နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ တိုင်းပြည်နယ် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ပြီး စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းကာ အခြေခံ လူတန်းစား အိမ်ထောင်စုများကို ငွေကြေးထောက်ပံ့ရေး အစီအစဉ်များ လုပ်ဆောင်ပေးလျက်ရှိသည်။
အစိုးရအနေဖြင့် ငွေကြေးနှင့် အခြေခံစားသောက်ကုန်အချို့ ထောက်ပံ့မှုကို ၃ ကြိမ်ပြုလုပ်ပေးထားပြီး ဖြစ်ကာ အိမ်ထောင်စု ၁ စုလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပြီး ယခုအကြိမ်တွင်မူ ကျပ် ၄ သောင်းနှုန်းအထိ တိုးမြှင့်ထောက်ပံ့ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
ယခုစတုတ္ထမြောက်အကြိမ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စားများနှင့် ယခင်က အစိုးရထောက်ပံ့မှု မရှိခဲ့သော အိမ်ထောင်စုများ နှင့် ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း အလုပ်လက်မဲ့ ဖြစ်သွားသူများကိုလည်း ထပ်တိုးထောက်ပံ့သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
လှိုင်သာယာ(အနောက်) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ” အရင်အခေါက်တွေတုန်းက ကျနော်တို့ မြို့နယ်မှာ အရင်က ဆန်၊ဆီ၊ဆား ဝေတုန်းက စာရင်းကောက်ထားတဲ့ အိမ်ထောင်စု ၄ သောင်းလောက်ကိုပဲ ထောက်ပံ့နိုင်ခဲ့တယ် အခုတခေါက်မှာက အိမ်ထောင်စု တသိန်းကျော်လောက် ထောက်ပံ့နိုင်ဖို့ စီစဉ်ထားတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလို အိမ်ထောင်စု အရေအတွက်တိုးလာခြင်းသည် စားဝတ်နေရေး အခက်အခဲရှိလာနေပြီဖြစ်သောကြောင့် အစိုးရ၏ ထောက်ပံ့ကြေးအစီအစဉ်များကို ရယူလိုသည်ဟု လျှောက်ထားလာသော အခြေခံလူတန်းစားအိမ်ထောင်စုများ တိုးလာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးနေမင်းထွန်းက ” အခုက အစိုးရရဲ့ ထောက်ပံ့မှုမရတော့ရင် ကျနော်ကျမတို့ ခက်ပါပြီဆိုပြီး ကိုယ်တိုင် လာလျှောက်တဲ့ သူတွေလည်းရှိလာတယ်။ အရင်တုန်းကျတော့ တကြိမ်ပဲ ရမှာဆိုပြီး မလျှောက်ခဲ့တဲ့ သူတွေလည်း ရှိခဲ့တာကို ” ဟု ဆိုသည်။
ယင်းသို့ စတုတ္ထမြောက်အကြိမ် ငွေကြေး ထောက်ပံ့မှုကို ရန်ကုန်တိုင်းဒေသကြီးတွင်သာ အစိုးရတရားဝင် စာထုတ် ထားသေးပြီး ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များ ပါ၊မပါကိုမူ ဧရာဝတီက သီးခြားအတည်ပြုချက် ရယူနိုင်သေးခြင်းမရှိပါ။
ထိုငွေကျပ် ၄ သောင်းထောက်ပံ့ပေးမည့် အစီအစဉ်ကို လက်ရှိအချိန်မသိရှိရသေးကြောင်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ်အုပ်ချုပ်ရေးမှူး တချို့ နှင့် လွှတ်တော်ကိုယ်စားလှယ်တချို့က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုအစိုးရ၏ ဝင်ငွေပုံမှန်မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေကျပ် ၄ သောင်းထောက်ပံ့မှု အစီ အစဉ်ကို မသိရှိသေးကြောင်း ရခိုင်ပြည်နယ် ဂွမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးက ဧရာဝတီသို့ ပြောသည်။
ဂွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကလည်း” ဒီကိစ္စကို ကျနော်တို့ မသိသေးဘူး ရခိုင်ပြည်နယ် အစိုးရက အစီအစဉ်နဲ့ ထောက်ပံ့ပေးနေတဲ့ အစီအစဉ်တွေပဲ သိတယ် ” ဟု ဆိုသည်။
လက်ရှိအချိန်၌ အစိုးရ၏ တတိယအကြိမ်အထိ ငွေကြေးထောက်ပံ့မှုများ နှင့် ပြည်နယ်အစိုးရ ၏ အခြေခံစားသောက်ကုန်များ ထောက်ပံ့များကို ရရှိထားလျက်ပြီး ရခိုင်ပြည်နယ် ပြည်သူလူထုသည် တိုက်ပွဲဒဏ်များကိုပါ ခံစားနေရခြင်းကြောင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးက ပြည်သူများထက် ပိုပြီး အခက်အခဲအကျပ်အတည်းများ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။
အစိုးရ၏ ငွေကြေးထောက်ပံ့ပေးသော ပမာဏသည် အလွန်မများသော်လည်း လတ်တလောတွင် လုပ်ငန်း ဆောင်ရွက် မှုများ ပုံမှန်လည်ပတ်မှုမရှိသေးခြင်းကြောင့် စားဝတ်နေရေးအခက်အခဲရှိသူများအတွက် အထောက်အပံ့တခု ဖြစ်စေ ကြောင်း ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်နေ ဦးသိန်းဝင်းက ပြောသည်။
၎င်းက ” အစိုးရက သူလည်းအများကို ထောက်ပံ့တာဆိုတော့ သူတတ်နိုင်သလောက်အားနဲ့တော့ လုပ်ပေးနေရတာပေါ့။ အခု စတုတ္ထအကြိမ်ကိုတော့ ကျနော်တို့မကြားသေးဘူး ” ဟု ပြောသည်။
အစိုးရ ပေးနေသော ထောက်ပံ့ကြေးများကို တချို့ကျေးရွာ၊ မြို့နယ်များတွင် ထောက်ပံ့ငွေကြေး အပြည့်အဝ မရခြင်း၊ ပေးပြီးသား အိမ်ထောင်စုများ ထပ်မံရရှိခြင်းနှင့် ငွေကြေးတတ်နိုင်သည့် မိသားစုများ ရရှိခြင်းများ ရှိနေခြင်းတို့ကြောင့် ယခင်ငွေကြေးထောက်ပံ့ပေးသော အကြိမ်များတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။
အစိုးရအနေဖြင့် တိုင်းနှင့် ပြည်နယ်များရှိ ဝင်ငွေ နည်းပါးသည့် အိမ်ထောင်စုများသို့ ပထမအကြိမ် ထောက်ပံ့ကြေးအဖြစ် ကျပ် ၇၁ ဒသမ ၁၀၃ ဘီလီယံ၊ ဒုတိယအကြိမ်အဖြစ် ကျပ်၂၁၈ ဒသမ ၁၁၂ ဘီလီယံ၊ တတိယအကြိမ်အဖြစ် ကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလီယံကို ထောက်ပံ့ပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။