အမေရိကန်နိုင်ငံဟာ နိုဝင်ဘာ ပထမ ရက်သတ္တပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံတဝှမ်း ၇ ရက်အတွင်း နေ့စဉ် ကူးစက်မှုပေါင်း ၈၆,၃၆၃ ဝန်းကျင် ရှိကာ စက်တင်ဘာလထက် ၂ ဆ ပိုများလာတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အခုချိန်ကစပြီး ရောဂါလက္ခဏာ မပြတဲ့ COVID-19 ကူးစက်နေသူတွေကို ရှာဖွေနိုင်ဖို့ ဆေးစစ်ချက်တွေကို တိုးမြင့်လုပ်ဆောင်သွားမယ်” လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) ရဲ့ ဒါရိုက်တာ ဒေါက်တာ Robert Redfield က ဆိုပါတယ်။
အမေရိကန်နိုင်ငံတွင်း ကူးစက်ခံရသူတွေထဲက ၄၀ ရာခိုင်နှုန်းဟာ COVID-19 ကူးစက်မှု လက္ခဏာ မပြသူတွေဖြစ်တယ်လို့ CDC က ခန့်မှန်းထားပါတယ်။
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနေစဉ် ကာလအတွင်း အောက်တိုဘာ ၂၉ ရက်ကစလို့ ၅ ရက်ဆက်တိုက် အများဆုံး ကူးစက်မှုတွေ တွေ့နေရတာပါ။ အများဆုံး ကူးစက်မှုအဖြစ် တနေ့တည်း ၉၁,၅၃၀ ဦး ကူးစက်ခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
ဆရာဝန်တွေကလည်း ပြည်သူတွေကို Social distancing စည်းမျဉ်းတွေနဲ့ နှာခေါင်းစည်း Mask တပ်ရမယ့် အခြေခံကျန်းမာရေး နည်းလမ်းတွေနဲ့တင် ကူးစက်မှုများလာတာကို လျှော့ချနိုင်တာကြောင့် အလေးပေးကြဖို့ ပြောကြားနေပေမယ့် တချို့ဒေသတွေမှာတော့ အဆိုပါကိစ္စအတွက် အချေတင်ဖြစ်နေကြဆဲပါ။
နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်ချက်အရ ပြည်နယ် ၃၆ ခုမှာ ယခင်အပတ်ကထက် ကူးစက်မှုပိုများလာပြီး Idaho, Maine, Minnesota, New Mexico, Ohio နဲ့ Pennsylvania ပြည်နယ်တွေမှာတော့ နေ့စဉ် စံချိန်တင် အမြင့်ဆုံး ကူးစက်မှုတွေ ရှိခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ကူးစက်မှုတွေ များလာတာကြောင့် ပြည်နယ်အစိုးရတွေက ခရီးသွားလာခွင့် စည်းမျဉ်းတွေကို ပြောင်းလဲ ပြင်ဆင်လာကြပါတယ်။
နယူးဂျာစီ ပြည်နယ်ကို လာရောက်မယ့် ၄၃ ပြည်နယ်က သူတွေဟာ မဖြစ်မနေ ၁၄ ရက် Quarantine ဝင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နယူးယောက်ကို လာရောက်မယ့်သူတိုင်းလည်း ၃ ရက်အတွင်း COVID-19 ကင်းရှင်းကြောင်း အထောက်အထား လက်မှတ် ပြရမယ်လို့ သတ်မှတ်လိုက်ပါတယ်။
ကန်တပ်ကီပြည်နယ်မှာတော့ နေ့စဉ်ကူးစက်မှုတွေ များလာတာကြောင့် အကာအကွယ် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ရမယ့် အမိန့်ကို နောက်ထပ် ရက် ၃၀ တိုးမြင့်လိုက်ပြီး ဆေးဆိုင်တွေကိုလည်း လိုအပ်တဲ့ ပမာဏ ပြည့်မီနေအောင် ဖြည့်ထားကြဖို့ ပြောကြားလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ COVID-19 ရောဂါ ကူးစက်မှုအများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ ကူးစက်လူနာပေါင်း ၉ ဒသမ ၈ သန်းကျော် လွန်သွားပြီ ဖြစ်ပါတယ်။ သေဆုံးသူကတော့ ၂၄၀,၀၀၀ နီးပါး ရှိလာပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
ဝါရှင်တန်တက္ကသိုလ်ရဲ့ ဆေးပညာဆိုင်ရာလေ့လာမှုအရ နောက်ထပ် ၂ လအတွင်း COVID-19 ကြောင့် အမေရိကန်ပြည်သူ ၁ သိန်းနီးပါး ထပ်မံသေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Ref: edition.cnn
You may also like these stories:
ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုအချို့ကို ထောက်ပံ့ကြေး ထပ်မံပေးရန် စီစဉ်
ဗြိတိန်မှာ ကိုဗစ်ကူးစက်သူ ၁ သန်းကျော်သွားတာကြောင့် တနိုင်ငံလုံး Lockdown ချ
ထိုင်ဝမ်မှာ ပြည်တွင်းကူးစက်မှု မရှိတာ ၆ လကျော်ပြီ