Coronavirus Update

မလေးရှားမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် Lockdown ကာလ ထပ်တိုးမြင့်

မလေးရှားနိုင်ငံဟာ နေ့စဉ် COVID-19 ရောဂါ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် တစိတ်တပိုင်း အသွားအလာ ကန့်သတ်ချက် Lockdown ကို ထပ်မံ သက်တမ်း တိုးမြင့်တယ်လို့ ကြေညာလိုက်ပါတယ်။ တိုးမြင့်လိုက်တဲ့ ကန့်သတ်ချက်အသစ်က ဒီဇင်ဘာ ၆ ရက်ထိ တည်ရှိနေတော့မှာပါ။

နိုဝင်ဘာ ၉ ရက်မှာ သက်တမ်းကုန်ဆုံးမယ့် မြို့တော် ကွာလာလမ်ပူ၊ Selangor နဲ့ Sabah တို့မှာ Lockdown ကန့်သတ်ချက်ကို ဒီဇင်ဘာ ၆ ရက်ထိ သက်တမ်း တိုးမြင့်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က ပြောပါတယ်။

Lockdown ကန့်သတ်ချက်ကြောင့် ပြည်သူတွေဟာ နေအိမ်ကနေ ဆေးဝါးနဲ့ နေ့စဉ်သုံးပစ္စည်းလိုအပ်ချက်အတွက် ဈေးဝယ်ဖို့နဲ့ ဆေးခန်းသွားဖို့အတွက်ပဲ ခွင့်ပြုပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေကိုတော့ ဖွင့်လှစ်ခွင့်ပေးထားပေမယ့် တင်းကျပ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ထိန်းချုပ်ထားပါတယ်။

စားသောက်ဆိုင်တွေကိုလည်း ရောင်းချခွင့်ပေးထားပေမယ့် စားပွဲခုံ တခုံမှာ အများဆုံးလူ ၂ ယောက်ပဲ စားသောက်ခွင့် ပြုထားပါတယ်။ အစိုးရ တာဝန်ရှိသူတွေကတော့ အတတ်နိုင်ဆုံး ပါဆယ်စနစ်၊ Delivery ဝန်ဆောင်မှုတွေနဲ့ပဲ မှာစားကြဖို့ တိုက်တွန်းထားပါတယ်။

အလုပ်သမားတွေကိုလည်း အိမ်ကနေပဲ Work from home စနစ် အလုပ်လုပ်ကြဖို့နဲ့ ကျောင်းတွေကိုတော့ အွန်လိုင်းကနေပဲ သင်ကြားရေးပိုင်း လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ မလေးရှားနိုင်ငံမှာ နိုဝင်ဘာ ၆ ရက်နေ့က ကပ်ရောဂါ စတင်ချိန်ကစလို့ ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူ ၁,၇၅၅ ဦးနဲ့ အများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒါဟာ စက်တင်ဘာလကုန်ပိုင်းက Sabah မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြောင့် ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာခဲ့တာပါ။ ကူးစက်မှု အရေအတွက် များလာတာကြောင့် အစိုးရပိုင်းက အလုပ်သမား ၁ သန်းနီးပါးကို အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်တွေကိုလည်း တားမြစ်ထားပါတယ်။

မလေးရှားနိုင်ငံအတွင်း နေ့စဉ် ကူးစက်မှုနှုန်း ၁,၀၀၀ ကျော်လာတာ ၅ ရက် ဆက်တိုက် ရှိနေပါပြီ။ နိုဝင်ဘာ ၇ ရက်ကလည်း ကူးစက်ခံလူနာ ၁,၁၆၈ ဦးရှိတာကြောင့် စုစုပေါင်း ၃၉,၃၅၇ ဦး ရှိလာပြီလို့ ဆိုပါတယ်။ မလေးရှားအစိုးရက COVID-19 ကပ်ရောဂါအတွက် မလေးရှားရင်းဂစ် ဘီလီယံ ၂၀ (အမေရိကန်ဒေါ်လာ ၁၄၈ ဘီလီယံ) ထပ်မံသုံးစွဲမယ်လို့ ကြေညာခဲ့ပါတယ်။

တိုးမြင့်လိုက်တဲ့ COVID-19 ရန်ပုံငွေတွေကို ဆေးပစ္စည်း၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးဝယ်ယူတဲ့နေရာမှာ သုံးစွဲသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီး Tengku Zafrul Abdul Aziz က ပြောကြားလိုက်ပါတယ်။

Ref: Bangkok Post

You may also like these stories:

တရုတ်နိုင်ငံတွင်းသို့ ကိုဗစ် ကူးစက်မှုများတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်

အမေရိကန်မှာ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာ

ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုအချို့ကို ထောက်ပံ့ကြေး ထပ်မံပေးရန် စီစဉ်

Loading