Coronavirus Update

Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ၉၀ ရာခိုင်နှုန်းအောင်မြင်

Want create site? Find Free WordPress Themes and plugins.

အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer နဲ့ ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့အတူ ပူးပေါင်း စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးဟာ စမ်းသပ်မှုအဆင့် ၃ မှာ ၉၀ ရာခိုင်နှုန်း အောင်မြင်မှုရခဲ့တယ်လို့ နိုဝင်ဘာ ၉ ရက်က ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ဟာ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။ အဆိုပါ ကာကွယ်ဆေး သတင်းကြောင့် ဥရောပမှာ စတော့ဈေးကွက်နဲ့ ရေနံဈေးတွေ ခုန်တက်လာခဲ့ပါတယ်။

“ကျနော်တို့ရဲ့ COVID-19 ကာကွယ်ဆေး Phase 3 စမ်းသပ်မှုမှာ COVID-19 ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ရလဒ် ထွက်ပေါ်လာပါတယ်” လို့ Pfizer ဥက္ကဋ္ဌ၊ စီအီးအို Albert Bourla က ပြောပါတယ်။

“ကပ်ရောဂါ အခြေအနေဆိုးကြီးကနေ လွန်မြောက်ပြီး ကမ္ဘာတဝှမ်းက လူတွေကို ကူညီစောင့်ရှောက်ပေးနိုင်ဖို့ နီးစပ်လာပါပြီ။ အားလုံးက ကာကွယ်ဆေးကို အလိုအပ်ဆုံးဖြစ်နေချိန်မှာ စမ်းသပ်မှုက အောင်မြင်ဖို့ လက်တကမ်း ရောက်လာတာပါ” လို့ Bourla က ဆိုပါတယ်။

ကုမ္ပဏီဘက်က ဒီလအကုန်ပိုင်းမှာ အမေရိကန်မှာ အရေးပေါ် အသုံးပြုခွင့်ဆေးအဖြစ် ခွင့်ပြုပေးဖို့ လျှောက်ထားတော့မှာပါ။ ကာကွယ်ဆေး ဖြန့်ချိနိုင်ဖို့အတွက် ၂၀၂၀ ခုနှစ်မှာ ကာကွယ်ဆေး သန်း ၅၀ ကျော်၊၂၀၂၁ ခုနှစ်မှာတော့ ၁ ဒသမ ၃ ဘီလီယံကျော် ထုတ်လုပ်နိုင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

COVID-19 ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် အမေရိကန်၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေက ကုမ္ပဏီတွေလည်း အပြိုင်အဆိုင် ကြိုးစားနေကြပြီး ဈေးကွက်ထဲ ဖြန့်ချိနိုင်ဖို့အထိ နီးစပ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ရုရှားနိုင်ငံက မှတ်ပုံတင်ခဲ့တဲ့ COVID-19 ကာကွယ်ဆေး ၂ မျိုးကတော့ တခြားနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲတာမျိုး မတွေ့ရပါဘူး။

ကာကွယ်ဆေးအသစ် BNT162b2 ရဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုကို ဇူလိုင်လအကုန်ပိုင်းမှာ စတင်ခဲ့ပြီး စမ်းသပ်ခံ စာရင်းသွင်းထားသူ ၄၃,၅၃၈ ဦးရှိခဲ့ပြီး နိုဝင်ဘာ ၈ ရက်မှာ ဒုတိယအကြိမ် ထိုးနှံသူတွေထဲက ၉၀ ရာခိုင်နှုန်းမှာ ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ ရလဒ် ပြသခဲ့တာပါ။

အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင် အများစုကတော့ အကောင်းဘက်ကနေ တုန့်ပြန်ခဲ့ကြပေမယ့် တချို့ကလည်း စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ အသက်အရွယ် အုပ်စုတွေကြား ကာကွယ်ဆေးပေါ် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိတာကို ထောက်ပြထားပါတယ်။

စီအီးအို Bourla ကတော့ “စမ်းသပ်မှုမှာ ပါဝင်ကြသူတွေရဲ့ အချက်အလက် မှတ်တမ်းတွေကို လာမယ့်အပတ်ထဲမှာ ဝေမျှပေးသွားမယ်” လို့ ဆိုပါတယ်။

အောက်တိုဘာလလယ်လောက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ဟာ Clinical trials အဆင့်မှာ စမ်းသပ်နေဆဲ COVID-19 ကာကွယ်ဆေး ၄၃ မျိုးကို ဖော်ပြခဲ့ပါတယ်။ ဒီထဲကမှ ၁၀ မျိုးက စမ်းသပ်မှု အဆင့် ၃ ဆင့်မှာ အလားအလာကောင်းတွေကို တွေ့နေရတယ်လို့ ဆိုပါတယ်။

Ref: Bangkok Post

You may also like these stories:

ကမ္ဘာတဝှမ်း COVID-19 ကူးစက်လူနာပေါင်း သန်း ၅၀ ကျော်ပြီ

မလေးရှားမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် Lockdown ကာလ ထပ်တိုးမြင့်

တရုတ်နိုင်ငံတွင်းသို့ ကိုဗစ် ကူးစက်မှုများတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့် ပိတ်ပင်

Did you find apk for android? You can find new Free Android Games and apps.
Loading