ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ကိုဗစ်ရောဂါ ကုသမည့် ပုဂ္ဂလိက ဆေးရုံများကို လျှောက်လွှာ ခေါ်ယူနေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
ပြည်သူ့ဆေးရုံများ၏ ကိုဗစ်နှင့် ကိုဗစ်မဟုတ်သည့် ရောဂါများနှင့် ဆက်စပ်သည့် ဝန်ထုတ်ဝန်ပိုးများကို လျှော့ချနိုင်ရန် အတွက် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်ရောဂါ စစ်ဆေးခြင်းနှင့် ကုသမှုပေးရန်အတွက် ခွင့်ပြုချက်ကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်မှုကော်မတီကို လျှောက်ထားနိုင်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာပဲ Pilot Project အနေနဲ့ စမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနကို သွားပြီး တင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်ရောဂါကုသနိုင်ရန်အတွက် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ အတည်ပြု ချက်လည်း ရယူရမည်ဖြစ်ပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနက စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“သက်ဆိုင်ရာ ကော်မတီကော်မတီနဲ့ ချိတ်ဆက်ပြီး ပုဂ္ဂလိက ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက လိုအပ်တာတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ကုသပေးနိုင်ဖို့ အတွက် ဆေးရုံမှာဆိုရင် အနည်းဆုံး အောက်ဆီဂျင် ပေးနိုင်တာ၊ ICU ဒါတွေက အစ ပြင်ဆင်ထားရှိပြီး အဆင်သင့်ဖြစ်နေတဲ့ အနေအထားရှိရပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ကိုဗစ်ရောဂါ ကုသရန်အတွက် Dagon Medical Hospital နှင့် ပန်းလှိုင်ဆေးရုံတို့က လျှောက်လွှာတင်ထားပြီး အကယ်ဒမီ ဆေးရုံကလည်း လျှောက်လွှာတင်ရန် စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဒေါက်တာခင်ခင်ကြီးက “အခုလက်ရှိ အနေအထားမှာဆိုရင် ဆေးရုံမှာ လူနာတွေ လက်ခံတဲ့ အခါမှာ လူနာတွေရဲ့ Test Result တွေ အကုန်လုံးကို Digital Platform ပေါ့ IT နည်းပညာနဲ့ ဆောင်ရွက်ဖို့လည်း ဆွေးနွေးထားပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆေးရုံတွေမှာ IT ကျွမ်းကျင်ပညာရှင်တွေ ခန့်ထားပြီး လိုအပ်တဲ့ Data တွေကို Surveillance System နဲ့ ချိတ်ဆက်ပြီးတော့ Data တွေ ရယူတာတို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ကိုဗစ်ရောဂါ ကုသနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လျှောက်လွှာတင်ထားသည့် ဆေးရုံပေါင်း ၅၂ ရုံရှိကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းက သိရသည်။
ထိုကဲ့သို့ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိကို စစ်ဆေးပြီး ကုသခွင့်ရမည် ဖြစ်သည့်အတွက် ကုသမှုအပိုင်းတွင်လည်း ပိုမို ကောင်းမွန်လာနိုင်ပြီး လူနာအနေဖြင့်လည်း မိမိအဆင်ပြေရာ ဆေးရုံ၊ ဆရာဝန်နှင့် ပြသခွင့်များကိုလည်း ရွေးချယ်ခွင့် ရှိသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ် က ပြောသည်။
“အရင်တုန်းဆိုရင်တော့ ကိုဗစ်များ ဖြစ်နေမလားဆိုပြီး သံသယနဲ့ ပြည်သူ့ဆေးရုံတွေကိုလွှတ်တဲ့ အခါကျတော့ လူနာတွေ ကုသမှု နှောင့်နှေးတာတို့ ပြည်သူ့ဆေးရုံ ဖြစ်တဲ့ အတွက် အစီအစဉ်အတိုင်း စောင့်ရတာတို့ စသဖြင့် မပြေ လည်မှုတွေ ဖြေရှင်းပေးသွားနိုင်တယ်။ အစိုးရကချည်းပဲ လုပ်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချသွားနိုင်တာပေါ့။ အစိုးရရဲ့ Work Load တွေ Burden တွေကို ပုဂ္ဂလိက က မျှခံလိုက်တဲ့ အတွက် သူတို့ဘက်မှာ လျော့ကျသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
မတ်လ၂၃ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၆၄,၄၅၃ ဦး ရှိနေပြီ ဖြစ်ကာ သေဆုံးသူ ၁,၄၈၀ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၄၈,၅၃၂ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။