ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းအသစ်ကို ကြုံတွေ့နေရပါတယ်။ အရင် ကူးစက်မှုတွေနဲ့ မတူဘဲ ကူးစက်ခံရသူ အများစုဟာ ရောဂါလက္ခဏာ မပြတဲ့ အရေအတွက် ပိုများလာတာပါ။ ရောဂါလက္ခဏာ မပြတာတွေကြောင့် ကူးစက်ခံရသူတွေကို နေအိမ်နဲ့ လုပ်ငန်းခွင်တွေမှာ ခြေရာခံနိုင်မယ့် နည်းလမ်းသစ်တွေနဲ့ စမ်းသပ်မှု ပမာဏကိုလည်း တိုးမြင့်သွားဖို့ စဉ်းစားနေပါပြီ။
နိုဝင်ဘာ ၁၂ ရက်မှာ ကူးစက်ခံလူနာ ၁,၆၆၀ ဦး ရှိတာဟာ သြဂုတ်လ ၇ ရက်က ၁,၅၉၇ ဦး စံချိန်တင် ကူးစက်ခံရပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် Hokkaido, Tokyo, Kanagawa, Aichi, Hyogo, Ibaraki နဲ့ Osaka ခရိုင်တွေမှာ တခြားနေရာတွေထက် ကူးစက်မှုနှုန်း မြင့်တက်နေပါတယ်။
“ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ တိုးမြင့်လာတာကို ဗဟိုအစိုးရနဲ့ ခရိုင်အစိုးရတွေ ပူးပေါင်းပြီး ကာကွယ် လုပ်ဆောင်သွားမယ်” လို့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံအဆင့် အရေးပေါ် အခြေအနေ ကြေညာဖို့ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ပထမလှိုင်းတုန်းက အသက် ၇၀ နဲ့ ၈၀ ကြား သက်ကြီးရွယ်အိုတွေမှာ ကူးစက်မှုတွေ ရှိခဲ့ပေမယ့် ဒုတိယလှိုင်းမှာတော့ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေပါ ကူးစက်ခံလာရပါတယ်။ အစိုးရကတော့ ဒါဟာ ညဘက်မှာ ဘားတွေ၊ ကလပ်တွေ အသွားများတဲ့ အသက်ရွယ်တွေကို ကူးစက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ COVID-19 ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကို ဧပြီလနဲ့ ဇူလိုင်လတွေမှာ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ကူးစက်မှုလှိုင်း အသစ်ကိုတော့ အောက်တိုဘာလကနေ စတင်နေပြီး အရင် ၂ ခုနဲ့ မတူ ကူးစက်မှုပုံစံ ကွဲပြားနေတယ်လို့ ဆိုပါတယ်။
“လက်ရှိကူးစက်မှု အခြေအနေတွေက အရင်ထက် ပိုရှုပ်ထွေးပါတယ်။ အစုလိုက် ကူးစက်မှုတွေကို နေရာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရတာပါ။ ဒါဟာ တတိယလှိုင်း ဖြစ်နိုင်သလို၊ ဒီ့ထက်ဆိုးတဲ့ အခြေအနေအစလည်း ဖြစ်လာနိုင်တယ်” လို့ ပေါမောက္ခ Koji Wada က ဆိုပါတယ်။
နိုဝင်ဘာ ၁၂ ရက်က မြို့တော် တိုကျိုမှာ ရောဂါလက္ခဏာ မပြတဲ့ ကူးစက်မှုအသစ်တွေ အများကြီးတွေ့ရှိခဲ့ပါတယ်။ ကူးစက်ခံရသူတွေဟာ အတူနေ မိသားစုအချင်းချင်း ဒါမှမဟုတ် လုပ်ငန်းခွင် လုပ်ဖော်ကိုင်ဖက်တွေကနေ ကူးစက်ခံရတာပါ။
“ကူးစက်ပုံအရဆိုရင် ဗိုင်းရပ်စ်က လုပ်ငန်းခွင်၊ အများပြည်သူ သွားလာရာနေရာနဲ့ စားသောက်ဆိုင်တွေကနေ အိမ်တွေထိ ကူးစက်သွားတာပါ” လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဒါရိုက်တာ Norio Ohmagari က ဆိုပါတယ်။
တိုကျိုတာဝန်ရှိသူတွေကလည်း မြို့တော်တွင်း ကူးစက်မှုတွေဟာ မတူညီတဲ့ နေရာတွေကနေ ပုံစံမျိုးစုံနဲ့ ကူးစက်နေတာလို့ ဆိုပါတယ်။ တခြားကူးစက်မှုနှုန်း မြင့်တက်နေတဲ့ ခရိုင်တွေမှာလည်း အလားတူပုံစံမျိုး ကူးစက်နေတာကို တွေ့ရပါတယ်။
တိုကျိုမြို့တော်မှာ တရက်တည်း ကူးစက်မှု ၃၀၀ ကျော်ထိ နေ့စဉ်ဆက်တိုက် မြင့်တက်လာပြီး နိုဝင်ဘာ ၁၂ ရက်က ကူးစက်မှုပေါင်း ၃၉၃ ဦး ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ကူးစက်မှုနှုန်းဟာ ဥရောပနိုင်ငံတွေနဲ့ နှိုင်းစာရင် အရေအတွက် နည်းနေသေးတဲ့ အခြေအနေပါ။ လက်ရှိထိ စုစုပေါင်း ကူးစက်လူနာ ၁၁၄,၀၀၀ နီးပါး ရှိပြီး သေဆုံးသူကတော့ ၁,၈၇၂ ဦးရှိပါတယ်။
Ref: Japan Times
You may also like these stories:
ပစိဖိတ်ကျွန်းနိုင်ငံလေး Vanuatu မှာ ပထမဆုံး ကိုဗစ်လူနာ တွေ့ရှိ
Pfizer အမေရိကန် ကိုဗစ်ကာကွယ်ဆေးအကြောင်း သိကောင်းစရာ
Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ၉၀ ရာခိုင်နှုန်းအောင်မြင်