တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ် COVID-19 ရောဂါ ကူးစက်နှုန်း ပြန်မြင့်တက်လာတာကြောင့် နှာခေါင်းစည်း Mask မတပ်ဆင်သူတွေကို ဒဏ်ငွေရိုက်မယ့် စည်းကမ်းချက် ချမှတ်သွားမယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေးအေဂျင်စီ (KDCA) က ပြောကြားလိုက်ပါတယ်။ စည်းကမ်းချက်သစ်ကြောင့် အများပြည်သူသွားလာရာ နေရာတွေမှာ မဖြစ်မနေ Mask တပ်ဆင်ရပါတော့မယ်။
ကျန်းမာရေး တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ နေ့စဉ် ကူးစက်သူအရေအတွက် ၂၀၅ ဦးထိ ရှိခဲ့တာဟာ စက်တင်ဘာလဆန်း နောက်ပိုင်း ပထမဆုံးအကြိမ် ကူးစက်နှုန်း ၂၀၀ ကျော်သွားတာလည်းဖြစ်ပါတယ်။ ဒါဟာ လူစုလူဝေး တွေ့ဆုံပွဲတွေနဲ့ Public event တွေကြောင့် ခြေရာခံလိုက်ဖို့ ခက်ခဲတဲ့ ကူးစက်မှုတွေ များလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ကူးစက်ခံရသူ ၂၀၅ ဦးထဲမှာ ၁၆၆ ယောက်က ပြည်တွင်းကူးစက်မှု ဖြစ်ပြီး၊ ၃၉ ယောက်ကတော့ ပြည်ပက ပြန်လာသူတွေ ဖြစ်ပါတယ်။ ပြည်တွင်းကူးစက်သူတွေထဲက ၆၅ ရာခိုင်နှုန်းဟာ ဆိုးလ်နဲ့ မြို့တော်အနီးနားက လူဦးရေ ထူထပ်တဲ့ Gyeonggi ဒေသက ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားသမ္မတ မွန်းဂျယ်အင်းကလည်း COVID-19 ကူးစက်နှုန်းတွေ ပြန်မြင့်တက်လာတာကြောင့် သက်ဆိုင်ရာဒေသခံ တာဝန်ရှိသူတွေနဲ့ အတူပူးပေါင်းပြီး “နှာခေါင်းစည်း Mask မတပ် မနေရ” စည်းကမ်းချက်လို ရောဂါပျံ့နှံ့ ထိန်းချုပ်မှုကို လုပ်ဆောင်ဖို့ ပြောကြားလိုက်ပါတယ်။
အများပြည်သူ သွားလာရာနေရာနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေပေါ်မှာ နှာခေါင်းစည်း Mask တပ်ရမယ့် စည်းကမ်းချက်အသစ်ကို နိုဝင်ဘာ ၁၃ ရက်နေ့က စတင်သတ်မှတ်လိုက်တာပါ။ ဒါဟာ လွန်ခဲ့တဲ့ တပတ်အတွင်း ကူးစက်သူ ရာဂဏန်းထိ မြင့်တက်လာတာကြောင့်လည်း ဖြစ်ပါတယ်။
အများပြည်သူသွားလာရာ နေရာတွေ ဖြစ်တဲ့ ဘား၊ နိုက်ကလပ်၊ ဈေးဝယ်စင်တာ၊ ပန်းခြံ၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေးယာဉ်၊ အားကစားရုံနဲ့ ဆံပင်ညှပ်ဆိုင်လို လူစုလူဝေးနေရာတွေမှာ နှာခေါင်းစည်း Mask မတပ်ရင် တောင်ကိုရီးယားဝမ် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၇၅ ) အထိ ဒဏ်ငွေရိုက်ခံရမှာဖြစ်သလို၊ အဆိုပါနေရာတွေရဲ့ ပိုင်ရှင်နဲ့ တာဝန်ခံတွေဘက်ကလည်း တောင်ကိုရီးယားဝမ် ၃ သန်းထိ ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်က တောင်ကိုရီးယား ဘောလုံးသမား ၄ ဦးနဲ့ ဝန်ထမ်း တဦးလည်း COVID-19 ကူးစက်ခံရကြောင်း ကိုရီးယားဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသလို၊ အဆိုပါ ကူးစက်ခံရသူ ၅ ဦးလုံးဟာ ရောဂါ လက္ခဏာ မပြဘူးလို့ ဆိုပါတယ်။
KDCA ရဲ့ ထုတ်ပြန်ထားချက်အရ တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်သူ စုစုပေါင်း ၂၈,၃၃၈ ဦး ရှိပြီး သေဆုံးသူကတော့ ၄၉၃ ဦး ရှိပါတယ်။ အစိုးရဘက်ကလည်း လက်ရှိမှာ အလားအလာကောင်းနေတဲ့ COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်မယ့် ဆေးကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပြီး ဒီနှစ်ကုန်ပိုင်းမှာ လူဦးရေ ၆၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။
Ref: Aljazeera, Reuters
You may also like these stories:
ဂျပန်မှာ ကိုဗစ် တတိယလှိုင်းအစကို ရင်ဆိုင်နေရပြီ
ကိုဗစ်ကာကွယ်ဆေးရရှိပါက ကျန်းမာရေးဝန်ထမ်းများကို ဦးစားပေး ထိုးပေးရန်ပြင်ဆင်
ပစိဖိတ်ကျွန်းနိုင်ငံလေး Vanuatu မှာ ပထမဆုံး ကိုဗစ်လူနာ တွေ့ရှိ