မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုပေါင်း ၁ သန်းကျော်လွန်သွားတဲ့ ၁၁ နိုင်ငံမြောက် ဖြစ်လာခဲ့ပါပြီ။ သေဆုံးမှုနှုန်းကလည်း အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံနောက် စတုတ္ထအများဆုံး ဖြစ်နေပါတယ်။
ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁၄ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁ သန်းကျော်လွန်သွားပြီလို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သေဆုံးသူ အရေအတွက်ကလည်း ၁ သိန်း နီးပါးရှိလာပြီလို့ ဆိုပါတယ်။
မက္ကဆီကိုကျန်းမာရေးဌာန အကြီးအကဲ Ricardo Cortes Alcala က နိုဝင်ဘာ ၁၄ ရက်မှာ COVID-19 ကူးစက်ခံရသူပေါင်း ၁,၀၀၃,၂၅၃ ဦးနဲ့ သေဆုံးသူပေါင်း ၉၈,၂၅၉ ဦးရှိနေပြီလို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၁ သန်းကျော်လွန်သွားတဲ့ ၁၁ နိုင်ငံမြောက်ဖြစ်ပြီး၊ သေဆုံးသူ အရေအတွက် စတုတ္ထအများဆုံးနိုင်ငံ ဖြစ်လာပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ မက္ကဆီကိုအစိုးရက အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါ စီမံလုပ်ဆောင်ချက်တွေကို လိုက်နာမှု မရှိတာကြောင့်ဖြစ်တယ်လို့ ဝေဖန်ခံနေရပါတယ်။
မက္ကဆီကိုမှာ နှာခေါင်းစည်း Mask တပ်ဖို့ကအစ ကူးစက်မှုများတဲ့ နေရာတွေမှာ အသွားအလာကန့်သတ် Lockdown ချ ပိတ်ပင်တာမျိုးအပြင် စမ်းသပ်မှုတွေနဲ့ တဆင့်ပြန်လည် ကူးစက်နိုင်သူတွေကို ခြေရာခံရေးစနစ်တွေ အားနည်းခဲ့တယ်လို့ ထောက်ပြကြပါတယ်။
ကျန်းမာရေးဝန်ကြီး လက်ထောက် Hugo Lopez-Gatell ကဆို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်မှုတွေဟာ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းတာပဲရှိပြီး၊ နှာခေါင်းစည်း Mask တပ်တာကလည်း ဗိုင်းရပ်စ် မပြန့်အောင် အရန်သဘောမျိုး ကာကွယ်ပေးရုံပဲရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။
COVID-19 ကပ်ရောဂါကြီး စဖြစ်စဉ်ကတည်းက လက်ရှိအချိန်ထိ မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုပေါင်း ၂ ဒသမ ၅ သန်းကျော်သာ လုပ်ဆောင်ခဲ့ပြီး၊ အဆိုပါ အရေအတွက်ဟာ သံသယရှိသူ လူနာတွေကိုသာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံ့လူဦးရေရဲ့ ၁ ဒသမ ၉ ရာခိုင်နှုန်းကိုသာ စမ်းသပ်နိုင်ခဲ့တာဖြစ်လို့ ထိထိရောက်ရောက် ခြေရာခံနိုင်ခြင်း မရှိသလို၊ ရောဂါလက္ခဏာ မပြသူတွေကိုပါ စမ်းသပ်ပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် အခုလို ကူးစက်မှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
နိုင်ငံတွင်းမှာ ကူးစက်မှုတွေ မြင့်တက်နေချိန်ထိ သမ္မတ Andres Manuel Lopez Obrador တယောက် Mask ကို တခါတရံမှသာ တပ်နေပါသေးတယ်။ အစောပိုင်း မတ်လ ၂၃ ရက်က Lockdown ချ ကြေညာခဲ့ပေမယ့် အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်စေခဲ့သလို၊ Lockdown စည်းမျဉ်း မလိုက်နာသူတွေကိုလည်း အရေးယူ ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။
အဓိက ကူးစက်မှုတွေ ဖြစ်နေတဲ့ Mexico City မှာ မြို့တော်ဝန်က နိုဝင်ဘာ ၁၃ ရက်မှာပဲ Lockdown ထုတ်ပြန်ချက်ထက် ၁၅ ရက် စောပြီး ဘားဆိုင်တွေကို ပိတ်ခိုင်းခဲ့ပါတယ်။ အောက်တိုဘာလကုန်မှာ မြို့တော်တွင်း ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ဘားဆိုင်၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံတွေနဲ့ အားကစားခန်းမတွေကို ပိတ်မယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကျန်းမာရေး တာဝန်ရှိသူတွေကတော့ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် စမ်းသပ်မှုအရေအတွက်ကို နေ့စဉ် ၁၀,၀၀၀ စီ တိုးမြင့်ထားတယ်လို့ ဆိုပါတယ်။ “ကျနော်အခု လမ်းပေါ်မှာ Mask မတပ်ထားတဲ့သူ တွေ့လို့ တပ်ခိုင်းရင် ပြန်ပြောခံရပါတယ်။ သမ္မတောင် မတပ်တာ ဆိုတဲ့ ပုံစံနဲ့ ပြောကြတာပါ” လို့ ကူးစက်ရောဂါ အစီအစဉ် အကြီးအကဲ ဒေါက်တာ Arturo Galindo က ပြောပါတယ်။
Ref: Aljazeera
You may also like these stories:
ပစိဖိတ်ကျွန်းနိုင်ငံလေး Vanuatu မှာ ပထမဆုံး ကိုဗစ်လူနာ တွေ့ရှိ
ဂျပန်မှာ ကိုဗစ် တတိယလှိုင်းအစကို ရင်ဆိုင်နေရပြီ
ကိုဗစ်ရောဂါ ကုသနိုင်မည့် ပုဂ္ဂလိက ဆေးရုံများ လျှောက်လွှာ စတင်ခေါ်ယူ