ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းမြင့်တက်နေချိန်မှာ ကာကွယ်ဆေးသတင်းတွေက လူသားတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ကို ယူလာပေးနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က မြင့်တက်လာတဲ့ ကူးစက်မှုနှုန်းတွေကြောင့် သတင်းတွေနဲ့တင် ကျေနပ်မနေကြဖို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer ရဲ့ COVID-19 ကာကွယ်ဆေးသစ် သတင်းထွက်ပေါ်လာပြီး မကြာခင်မှာပဲ နောက်ထပ် အမေရိကန်ဆေးဝါးကုမ္ပဏီ Moderna ကနေ ၉၄ ဒသမ ၅ ရာခိုင်နှုန်း အောင်မြင်မှုရှိနေတဲ့ ကာ ကွယ်ဆေးကို ထပ်မံ ထုတ်ဖော်ပြလိုက်ပြန်ပါပြီ။
“COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သတင်းကောင်းတွေ တက်လာတာ အားရစရာပါ။နောက်ထပ် လအနည်းငယ်တွင်းမှာပဲ ဖြစ်နိုင်ချေများတာတွေကို ဆက်တိုက် မြင်တွေ့ရတော့မှာပါ။ဒါပေမဲ့လည်း လက်ရှိမှာ ကူးစက်မှုနှုန်းတွေက အထူးသဖြင့် ဥရောပနဲ့ အမေရိကတိုက်တွေမှာ မြင့်တက်လာတာကို မြင်နေရပါတယ်” လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဆိုပါတယ်။
WHO အကြီးအကဲ Tedros ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၁၇ ရက်က COVID-19 ကူးစက်ခဲ့သူနဲ့ ထိတွေ့ခဲ့တာကြောင့် Quarantine သီးခြားခွဲနေခဲ့ပေမယ့် ရောဂါလက္ခဏာ မပြလို့ စမ်းသပ်စစ်ဆေးစရာမှုတွေ မလုပ်ခဲ့ပါဘူး။
တခြား WHO တာဝန်ရှိသူတွေလည်း လာမယ့် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာတင် ကာကွယ်ဆေးသစ်တွေ ထွက်ပေါ်လာနိုင်မယ်လို့ အကောင်းဘက်က ပြောဆိုနေကြပြီး၊ ရရှိလာမယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးအသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ ဆေးဝါးကုမ္ပဏီကြီးနှစ်ခုက COVID-19 ကာကွယ်ဆေးသစ်တွေကို အပြိုင်အဆိုင်ထုတ်ဖော်လာတာကြောင့် အချက်အလက်တွေ သုံးသပ်ပြီး စိတ်ချရမယ်ဆိုရင် နိုင်ငံအတွင်း အရေးပေါ်ဆေးဝါးအဖြစ် ဒီနှစ်အကုန်ပိုင်းမှာ သန်း ၆၀ ကျော်အတွက် အသုံးပြုခွင့်ရလာနိုင်ပါတယ်။
“ထွက်လာတဲ့ ဆေးဝါးသစ်တွေနဲ့ ပတ်သက်ပြီး ကာကွယ်နိုင်စွမ်း ဘယ်လောက်အတိုင်းအတာထိ ရှိမလဲ၊ အသက်အရွယ် အပိုင်းအခြားလိုက် တုန့်ပြန်မှုအခြေအနေ၊ ဘေးထွက်ဆိုးကျိုးက ဘယ်လိုတွေဖြစ်လာနိုင်မလဲ စတဲ့ မေးခွန်းထုတ်စရာတွေ အများကြီး ကျန်နေသေးတယ်” လို့ WHO သိပ္ပံပညာရှင်အကြီးအကဲ Soumya Swaminathan က ဆိုပါတယ်။
လေ့လာစမ်းသပ်ချက်တွေ ဆက်လုပ်ပြီး လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းသင့်တယ်လို့Swaminathan က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ လာမယ့်အပတ်တွေမှာလည်း နောက်ထပ်ကာကွယ်ဆေးစမ်းသပ်မှုတွေ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
“ကျမတို့တွေ ဆေးဝါးတွေကို ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းနိုင်မလဲ၊ တယောက်ကို ဘယ်နှကြိမ် ထိုးနှံရမလဲဆိုတာ အရင်ဆုံး သိဖို့လိုပါတယ်” လို့ WHOရဲ့ ရောဂါခုခံနိုင်စွမ်းလေ့လာရေးဌာနအကြီးအကဲ Kate O’Brien က ဆိုပါတယ်။
Ref: Reuters
You may also like these stories:
Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ၉၀ ရာခိုင်နှုန်းအောင်မြင်
လူကြီးလူငယ်နဲ့ သက်ကြီး စမ်းသပ်လူနာများကြား အောက်စ်ဖို့ဒ် ကာကွယ်ဆေး အခြေအနေကောင်း
ကိုဗစ်ပိုးကူးမှု ရပ်နိုင်စေသော ကိုယ်ခံအားလမ်းကြောင်း Johns Hopkins သုတေသီများ ရှာတွေ့