အမေရိကန်နိုင်ငံ ဆေးဝါးကုမ္ပဏီကြီး Moderna ရဲ့ COVID-19 ကာကွယ်ဆေးသစ်ဟာ ၉၄ ဒသမ ၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ နိုဝင်ဘာ ၁၆ ရက်က ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ အမေရိကန်ကနေ ထွက်ရှိလာတဲ့ ဒုတိယမြောက် ကာကွယ်ဆေးလည်း ဖြစ်ပါတယ်။
“တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ရလဒ်ပါ။ ၉၄ ဒသမ ၅ ရာခိုင်နှုန်းထိတောင် ထိရောက်မှု ရှိတာ အရမ်းကောင်းပါတယ်” လို့ ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင် ဒေါက်တာ Anthony Fauci က ဆိုပါတယ်။ ဒီဇင်ဘာလလယ်လောက်ကစပြီး ကာကွယ်ဆေးထိုးနှံတာတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဒေါက်တာ Fauci က ပြောပါတယ်။
ကူးစက်နိုင်ချေ မြင့်တဲ့သူတွေကို အရင်ထိုးနှံပေးသွားမှာဖြစ်ပြီး ကျန်တဲ့ လူဦးရေကိုတော့ နောက်နှစ် ဧပြီလလောက်မှာ ထိုးနှံနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
“ကျနော့်ဘဝအတွက် တကယ့်ကို အမှတ်တရ နေ့တနေ့ပါပဲ။ စမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးက ထိရောက်မှု ရှိတာကို တွေ့မြင်နေရတယ်” လို့ Moderna ရဲ့ ဆေးဝါးစမ်းသပ်မှု အကြီးအကဲ ဒေါက်တာ Tal Zacks က ဆိုပါတယ်။ ယခင်အပတ်က အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer က ၉၀ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တဲ့ ကာကွယ်ဆေးသစ်ကို ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။
Moderna ရဲ့ စမ်းသပ်ချက်မှာတော့ စမ်းသပ်ခံသူ ၃၀,၀၀၀ ထဲကမှ ၁၅,၀၀၀ ကို ထိရောက်မှု မရှိတဲ့ Placebo နဲ့ ကျန် ၁၅,၀၀၀ ကို ကာကွယ်ဆေးအသစ် ထိုးပေးခဲ့ပါတယ်။ တလကြာ ပြန်စစ်ကြည့်တဲ့အချိန်မှာ Placebo ထိုးပေးခဲ့တဲ့ အဖွဲ့ထဲက အယောက် ၉၀ က COVID-19 ကူးစက်ခံရပြီး၊ ဒီထဲက ၁၁ ယောက်ကတော့ ရောဂါပြင်းထန်တယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးအသစ် ထိုးပေးခဲ့တဲ့ထဲက ၅ ဦးလည်း COVID-19 ကူးစက်ခံထားရပါတယ်။
ကုမ္ပဏီဘက်ကတော့ ကနဦးအဖြေတွေကို ထပ်မံစောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ထိုးနှံထားသူတွေမှာ ခေါင်းကိုက်တာနဲ့ ကိုယ်လက်ကိုက်ခဲတာက လွဲလို့ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ကာကွယ်ဆေးသစ်ကို FDA ကနေ ခွင့်ပြုချက်ရဖို့အတွက်လည်း ပြင်ဆင်နေပါပြီ။
Pfizer နဲ့ Moderna ကုမ္ပဏီနှစ်ခုလုံးဟာ ကိုယ်ခံအား တုန့်ပြန်တဲ့ နည်းပညာပုံစံတူကို အသုံးပြုခဲ့ကြတာပါ။ Pfizer ဆေးဝါးကတော့ အပူချိန် အနုတ် ၇၅ ဒီဂရီ ဆဲလ်စီယပ်မှာ သိုလှောင်သိမ်းထားရမှာဖြစ်ပြီး Moderna ဆေးကတော့ အနုတ် ၂၀ ဒီဂရီ ဆဲလ်စီယပ်မှာတင် သိမ်းထားနိုင်ပါတယ်။
Moderna ကုမ္ပဏီဘက်က ထုတ်ပြန်ချက်အရ ကာကွယ်ဆေးကို ရေခဲသေတ္တာထဲမှာ ရက် ၃၀ ကြာ သိုလှောင်ထားနိုင်တယ် ဆိုပေမယ့် Pfizer က ထုတ်မယ့် ဆေးကတော့ ရေခဲသေတ္တာထဲမှာ ၅ ရက်ပဲ သိမ်းထားနိုင်ပါတယ်။
Ref: edition.cnn
You may also like these stories:
COVID-19 ကာကွယ်ဆေးသစ်များကို WHO ကြိုဆို
မက္ကဆီကိုမှာ COVID-19 ကူးစက်မှု ၁ သန်းကျော်ပြီ
တောင်ကိုရီးယားမှာ မဖြစ်မနေ Mask တပ်ရမယ့် စည်းကမ်းချက် ထုတ်ပြန်