ခံတွင်းသန့်စင်ဆေးရည်ဟာ စက္ကန့် ၃၀ အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို သေစေနိုင်တယ်လို့ လေ့လာချက်တခုမှာ တွေ့ရှိခဲ့ကြပါတယ်။ ကာဒစ်တက္ကသိုလ်ရဲ့ လေ့လာချက်အရ Cetylpyridinium chloride (CPC) အနည်းဆုံး ၀ ဒသမ ၀၇ ရာခိုင်နှုန်းပါဝင်တဲ့ ခံတွင်းသန့်စင်ဆေးရည်မှာတောင် ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့ လက္ခဏာ တွေရှိတယ်လို့ ဆိုပါတယ်။
ကနဦး လေ့လာတွေ့ရှိချက်တွေအရ CPC ပါတဲ့ ခံတွင်းသန့်စင်ဆေးရည်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို လျှော့ချနိုင်တဲ့အချက်ကို တွေ့ရှိခဲ့ကြပါတယ်။ ဝေလရှိ ကာဒစ်တက္ကသိုလ် ဓာတ်ခွဲစမ်းသပ်ချက်အရ ပါးစပ်ထဲမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ခံတွင်းသန့်စင်ဆေးရည်မှာပါတဲ့ CPC က တိုက်ဖျက်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ကြတာပါ။
ကာဒစ် တက္ကသိုလ် ပါမောက္ခ David Thomas ဦးဆောင်တဲ့ စမ်းသပ်မှုမှာ ယူကေရှိ ခံတွင်းသန့်စင်ဆေးရည် Dentyl တံဆိပ် တမျိုးတည်းကို အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကနဦးလေ့လာချက်မှာပဲ ဖြစ်နိုင်ချေ ရှိတာတွေ မြင်နေရတဲ့အတွက် အရမ်းကို အားတက်မိပါတယ်။ နောက်ထပ်လည်း လေ့လာစမ်းသပ်ချက်တွေ ထပ်လုပ်ဖို့ လိုအပ်ပါသေးတယ်” လို့ ဒေါက်တာ Thomas က ဆိုပါတယ်။
“ကျနော်တို့ ဒီစမ်းသပ်ချက်အဖြေကို ထပ်ပြီး ပြည့်ပြည့်စုံစုံနားလည်အောင် လုပ်ဖို့ လိုနေပါသေးတယ်။ ၂၀၂၁ ခု နှစ် အစောပိုင်းမှာတော့ တိကျတဲ့ အဖြေတခု ထွက်လာဖို့ မျှော်လင့်ထားတယ်” လို့ ဒေါက်တာ Thomas က ပြောပါတယ်။
သွားနဲ့ခံတွင်း ကျွမ်းကျင်ပညာရှင် ဒေါက်တာ Nick Claydon ကလည်း ခံတွင်းသန့်စင်ဆေးရည်ဟာ လက်ဆေးခြင်း၊ တယောက်နဲ့ တယောက် ခပ်ခွာခွာနေခြင်း Social distancing နဲ့ နှာခေါင်းစည်း Mask တပ်ရသလို ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်မယ့် နောက်ထပ်နည်းလမ်းတခု ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
လက်ရှိမှာတော့ အမေရိက နဲ့ ဥရောပမှာ တရိပ်ရိပ်တက်လာတဲ့ ကူးစက်မှုနှုန်းတွေကြောင့် တကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုပေါင်း ၅၅ သန်းကျော်လွန်သွားပါပြီ။ သေဆုံးသူအရေအတွက်ကလည်း ၁ ဒသမ ၃ သန်း ကျော်လွန်လာပြီ ဖြစ်ပါတယ်။
မြင့်တက်နေတဲ့ ကူးစက်မှုနှုန်းတွေကြားကပဲ ထိရောက်မှုရှိပြီး ရလဒ်ကောင်းတဲ့ ကာကွယ်ဆေးတွေလည်း ထုတ်ဖော် ကြေညာလာခဲ့ကြပါတယ်။ နိုဝင်ဘာလထဲမှာ အမေရိကန် ဆေးဝါးကုမ္ပဏီကြီး ၂ ခု ရဲ့ ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်ခဲ့ပါတယ်။
COVID-19 ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုအပြီးမှာ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီကြီးနဲ့ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ Pfizer ဆေးက ၉၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး Moderna ရဲ့ ကာကွယ်ဆေးက ၉၄ ဒသမ ၅ ရာခိုင်နှုန်းထိ ထိရောက်မှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။
Ref: Aljazeera
You may also like these stories:
Moderna ရဲ့ ကိုဗစ် ကာကွယ်ဆေးသစ် ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိ
COVID-19 ကာကွယ်ဆေးသစ်များကို WHO ကြိုဆို
မက္ကဆီကိုမှာ COVID-19 ကူးစက်မှု ၁ သန်းကျော်ပြီ