Coronavirus Update

အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂၅၀,၀၀၀ ကျော်ပြီ

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးဖြစ်နေတဲ့ အမေရိကန်နိုင်ငံမှာ သေဆုံးသူ ၂၅၀,၀၀၀ ကျော် လွန်သွားပါပြီ။ ဒါဟာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် အများဆုံးဖြစ်သလို၊ တကမ္ဘာလုံး သေဆုံးနှုန်းရဲ့ ၂၀ ရာခိုင်နှုန်းထိ ရှိနေတာပါ။

နိုဝင်ဘာ ၁၈ ရက်မှာ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ အမေရိကန်မှာ သေဆုံးသူ ၂၅၀,၀၂၉ ဦးရှိသွားပြီလို့ ဆိုပါတယ်။ သူ့နောက်မှာတော့ ဘရာဇီးက ၁၆၆,၆၉၉ ဦး၊ အိန္ဒိယက ၁၃၀,၉၉၃ ဦးနဲ့ မက္ကဆီကိုက ၉၉,၀၂၆ ဦးရှိတယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်းတွေမှာ ဖော်ပြချက်အရ လတ်တလော အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၂ ရာခိုင်နှုန်းနီးပါးထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလအစောပိုင်းက နေ့စဉ် ပျမ်းမျှ ၈၂၁ ဦး ရှိခဲ့ရာက နိုဝင်ဘာ ဒုတိယအပတ်မှာတော့ နေ့စဉ် ပျမ်းမျှ ၁,၁၆၇ ဦးထိ မြင့်တက်လာတာပါ။

ကယ်လီဖိုးနီးယားတက္ကသိုလ်၊ လူဦးရေ စာရင်းကောက်ယူသူ Berkeley က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန် လူမျိုးတွေရဲ့ သက်တမ်း ၁ နှစ်နီးပါး ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ပြည်နယ် ၅၀ မှာ ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ဆေးရုံတက် ကုသနေရတဲ့ လူနာတွေအတွက် လျှောက်လမ်းနေရာ၊ ကားပါကင်၊ ကော်ဖီဆိုင်၊ လူနာစောင့်ခန်းတွေထိကို တိုးချဲ့ပြင်ဆင်နေရပါတယ်။

ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ COVID-19 ကြောင့် ဆေးရုံတက် ကုသနေရတဲ့ လူနာအရေအတွက်ဟာ အရင်လကထက် ၂ ဆနီးပါး မြင့်တက်လာတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၇ ရက် တရက်တည်း COVID-19 ကူးစက်သူ ၇၇,၀၀၀ နီးပါး ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါတယ်။

ကူးစက်မှု အရေအတွက်ကလည်း နိုဝင်ဘာလ အစပိုင်းတည်းက ၈၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး နေ့စဉ် ပျမ်းမျှ ၁၆၀,၀၀၀ ထိ ရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် ပြည်နယ်တွေရဲ့ မြို့တော်ဝန်တွေက ကန့်သတ်ချက်တွေ လုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေပါပြီ။

မဖြစ်မနေ Mask တပ်ရမယ့် စည်းကမ်းချက်တွေအပြင်၊ လူစုလူဝေး စုရုံးတာကို အရေအတွက် ကန့်သတ်နိုင်ဖို့၊ စားသောက်ဆိုင် အခန်းတွင်း စားသောက်ခွင့် တားမြစ်ချက်တွေ၊ အားကစားရုံ ပိတ်ပင် ထားဖို့၊ ဘားဆိုင်၊ စတိုးဆိုင်နဲ့ တခြား စီးပွားရေးလုပ်ငန်တွေကို ဖွင့်ချိန် လျှော့ချဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ဖို့ ပြင်ဆင်နေတာပါ။

အမေရိကန်မှာ ကျောင်းသားပေါင်း ၁ သန်းကျော်ရှိတဲ့ အကြီးဆုံး နယူးယောက်မြို့က ပုဂ္ဂိုလိကကျောင်းတွေကို စက်တင်ဘာလကစလို့ အိမ်နဲ့ကျောင်း တလှည့်စီ အချိန်ပိုင်း စာသင်ချိန်တွေနဲ့ ဖွင့်လှစ်ထားပေမယ့် ကူးစက်မှု မြင့်တက်လာတာကြောင့် နိုဝင်ဘာ ၁၉ ရက်ကစလို့ အိမ်ကနေပဲ သင်ကြားကြဖို့ နယူးယောက် မြို့တော်ဝန် Bill de Blasio က Twitter ကတဆင့် ကြေညာခဲ့ပါတယ်။

Ref: CBS News , abc News

You may also like these stories:

မက္ကဆီကိုမှာ COVID-19 ကူးစက်မှု ၁ သန်းကျော်ပြီ

ကမ္ဘာတဝှမ်း COVID-19 ကူးစက်လူနာပေါင်း သန်း ၅၀ ကျော်ပြီ

ထိုင်ဝမ်မှာ ပြည်တွင်းကူးစက်မှု မရှိတာ ၆ လကျော်ပြီ

Loading