ကနေဒါနိုင်ငံဟာ ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်း သုံးသပ်ချက်တွေအရ ဒီဇင်ဘာလကုန်ပိုင်းမှာ တနေ့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀,၀၀၀ အထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ကနေဒါကျန်းမာရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်အသစ်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြနေတာပါ။
ကနေဒါကျန်းမာရေးအေဂျင်စီ (PHAC) က တကယ်လို့ ထိတွေ့မှုတွေ ပိုများလာမယ်ဆိုရင် တနေ့ကို COVID-19 ကူးစက်သူ ၆၀,၀၀၀ လောက်ထိတောင် ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မြင့်တက်လာတဲ့ ကူးစက်မှုနှုန်း ကိန်းဂဏန်းတွေကို အခြေခံပြီး တွက်ချက်ထားတာပါ။
ကနေဒါမှာ နိုဝင်ဘာ ၁၂ ရက်ကနေ ၁၈ ရက်အတွင်း နေ့စဉ်ကူးစက်ခံရသူ ပျမ်းမျှ ၅,၀၀၀ နီးပါး ရှိတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။ ဖက်ဒရယ်အစိုးရ ကျန်းမာရေးဝန်ကြီး Patty Hajdu ရုံးကတော့ PHAC က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
နိုင်ငံတဝှမ်းမှာ COVID-19 ကူးစက်ခံရသူပေါင်း ၃၁၅,၇၅၄ ဦးရှိပြီး သေဆုံးသူကတော့ ၁၁,၂၆၅ ဦး ရှိသွားပါပြီ။ ပထမလှိုင်း ကူးစက်မှုမှာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ ဒေသတွေမှာတောင် လက်ရှိလှိုင်းသစ်မှာ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် လာမယ့် အပတ်တွေမှာ ကူးစက်သူ အရေအတွက် တရိပ်ရိပ် တိုးလာဖို့ ရှိတယ်လို့ ခန့်မှန်းနေပါတယ်။
နိုင်ငံအလယ်ပိုင်းက Manitoba ရှိ ဆေးရုံတွေမှာ COVID-19 ကူးစက်လူနာတွေနဲ့ ပြည့်နေပြီလို့ ကျန်းမာရေး ဝန်ထမ်းတွေက ဆိုပါတယ်။ ဒါကြောင့်လည်း ကူးစက်မှုတွေ မြင့်တက်လာတဲ့ Manitoba မှာ လူစုလူဝေး စုရုံးတာကို ပိတ်ပင်လိုက်သလို၊ နေ့စဉ်သုံးပစ္စည်း အရောင်းဆိုင်တွေမှအပ စတိုးဆိုင်တွေအားလုံးကို ပိတ်သိမ်းဖို့ ကန့်သတ်လိုက်ပါတယ်။
Ontario ပြည်နယ်ဝန်ကြီးချုပ် Doug Ford က ကနေနိုင်ငံရဲ့ လူဦးရေထူထပ် ဒေသတခုဖြစ်တဲ့ Manitoba က ဆေးရုံတွေမှာ အသေးစားခွဲစိတ်မှုတွေ မလုပ်နိုင်တော့တဲ့ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေနဲ့ ပြည့်နေတာဟာ နောက်ထပ် Lockdown ချ ကန့်သတ်မှုဆီ ဦးတည်နေတယ်လို့ ဒီတပတ်အစောပိုင်းက ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံကလည်း မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံကို မလိုအပ်ဘဲ ခရီးသွားလာခွင့် ကန့်သတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်ထိ တိုးမြင့်လိုက်ပါတယ်။ အဆိုပါ ကန့်သတ်ချက်ကို COVID-19 ကူးစက်မှုတွေ ပထမဆုံး မြင့်တက်ခဲ့တဲ့ မတ်လက စတင်ခဲ့တာပါ။
နိုဝင်ဘာ ၂၁ ရက်မှာ သက်တမ်းကုန်မယ့် အဆိုပါ ကန့်သတ်ချက်ကို အမေရိကန်က နောက်ထပ် ၁ လကြာ သက်တမ်း တိုးမြင့်လိုက်တာလည်း ဖြစ်ပါတယ်။ ကနေဒါဘက်ကလည်း သက်တမ်းတိုးမြင့်ချက်ကို အတည်ပြုပါတယ်။
ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သြဂုတ်လတွင်း ကနေဒါကို ကားနဲ့ သွားမယ့် အမေရိကန်ခရီးသွား အရေအတွက် ၉၅ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားသလို၊ ကနေဒါဘက်ကလည်း အမေရိကန်ကို လေယာဉ်နဲ့ သွားမယ့် ခရီးသွားအရေအတွက် ၉၇ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
Ref: Reuters