ဥရောပတိုက်မှာ COVID-19 ကူးစက်မှုကြောင့် ၁၇ စက္ကန့်တိုင်း လူ ၁ ယောက်နှုန်း သေဆုံးနေတယ်လို့ WHO ဒေသဆိုင်ရာအကြီးအကဲက ပြောကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ဥရောပတိုက်တခုလုံးရဲ့ ကျန်းမာရေးစနစ်ကို အလုံးစုံ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
ဥရောပတိုက်ရှိ နိုင်ငံ ၅၃ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ နိုဝင်ဘာ တလတည်း ကူးစက်မှု ၄ သန်းနီးပါး အပါအဝင် စုစုပေါင်း ၁၅ သန်းနီးပါး ရှိလာသလို၊ သေဆုံးသူအရေအတွက်ကလည်း ၃၅၀,၀၀၀ နီးပါး ရှိလာပြီ လို့ ဒေါက်တာ Hans Kluge က ဆိုပါတယ်။
ကူးစက်နေတဲ့ နိုင်ငံ ၅၀ ကျော်ထဲက ၈၀ ရာခိုင်နှုန်းဟာ နိုဝင်ဘာလအတွင်း ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက် လာပြီး အယောက် ၁၀၀,၀၀၀ မှာ ၁၀၀ ကျော်လောက်ထိ ပျမ်းမျှ ရှိနေသလို၊ အဲ့ဒီထဲကမှ သုံးပုံတပုံဟာ အ ယောက် ၁၀၀,၀၀၀ မှာ ၇၀၀ ကျော်လောက်ထိရှိတယ်လို့ ဒေါက်တာ Kluge က ဆိုပါတယ်။
“ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေအရ ကူးစက်မှုနှုန်း မြင့်တက်လာတယ်ဆိုတာ မြင်နေရတယ်” လို့ ဒေါက်တာ Kluge က ပြောပါတယ်။ ပြင်သစ်မှာဆိုရင် ၁၀ ရက်အတွင်း ကူးစက်မှုပြင်းထန်တဲ့ လူနာတွေကုသဖို့ ၉၅ ရာခိုင် နှုန်းလောက် တိုးချဲ့ခဲ့ရသလို၊ ဆွစ်ဇာလန်နိုင်ငံမှာလည်း လူနာထားရှိဖို့အတွက် နေရာတွေပြည့်နေပါပြီ။
ကူးစက်မှုနှုန်းမြင့်တက်လာတာကြောင့် ဥရောပနိုင်ငံအသီးသီးက အစိုးရတွေဟာ ကန့်သတ်ချက်တွေထုတ်ပြန် ပြီး တားဆီးနေတာကြောင့် ယခင်အပတ်က ကူးစက်မှုနှုန်း ၂ သန်းကျော်ကနေ ၁ ဒသမ ၈ သန်းထိ အနည်းငယ် ကျဆင်းလာပါတယ်။
ထွက်ပေါ်လာတဲ့ COVID-19 ကာကွယ်ဆေး သတင်းတွေကလည်း ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် မျှော်လင့်ချက်ကောင်းတွေ ဖြစ်တယ်လို့ ဒေါက်တာ Kluge က ဆိုပါတယ်။ WHO အဖွဲ့ကြီးကတော့ တင်းကျပ်တဲ့ Lockdown ချတာဟာ ပြည်သူတွေမှာ မလိုလားအပ်တဲ့ အိမ်တွင်း အကြမ်းဖက်မှုလို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်လို့ နောက်ဆုံးအဆင့်မှသာ ရွေးချယ်ကြဖို့ ပြောဆိုထားပါတယ်။
တကယ်လို့ နိုင်ငံတွင်းမှာ နှာခေါင်းစည်း Mask တပ်ဆင်သူ ၉၅ ရာခိုင်နှုန်းလောက်ရှိရင် Lockdown ချ ကန့်သတ်တာမျိုး မလိုအပ်ဘူးလို့ WHO က ယုံကြည်လက်ခံထားပါတယ်။
နှစ်ကုန်ပိုင်းမှာ ရောက်လာမယ့် ခရစ္စမတ်ကာလကလည်း အရင်နဲ့ မတူတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပေမယ့် ခရစ္စမတ်ကို ကျင်းပလို့မရဘူး ဆိုလိုတာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ လတ်တလောမှာ ကျင်းပသွားခဲ့တဲ့ online Ramadan နဲ့ Diwali ပွဲတွေကိုကြည့်ပြီး ခရစ္စမတ်ပွဲကိုလည်း လူမှုဘဝပုံစံသစ်မှာ ကျင်းပနိုင်မယ့် နည်းလမ်းတွေ ရှိလာမယ်လို့ ဒေါက်တာ Kluge က ဆိုပါတယ်။
Ref: The Guardian
You may also like these stories:
ကနေဒါမှာ COVID-19 ကူးစက်မှုနှုန်း နေ့စဉ် မြင့်တက်လာ
အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂၅၀,၀၀၀ ကျော်ပြီ
ခံတွင်းသန့်စင်ဆေးရည်မှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နိုင်တဲ့ လက္ခဏာ တွေ့ရှိ