ဟာသ သရုပ်ဆောင် မိုးဒီဟာ လွန်ခဲ့တဲ့ ၄၊ ၅ ရက်ကတည်းက ကိုယ်အပူချိန် တက်လိုက်ကျလိုက် ဖြစ်နေတာကြောင့် COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးချိန်မှာတော့ Positive အဖြေ ထွက်ရှိခဲ့တယ်လို့ မိုးဒီရဲ့ သားဖြစ်သူ သရုပ်ဆောင် ကောင်းစံက ဧရာဝတီကို ပြောပါတယ်။
“အဖေက ရောဂါအခံတွေ ရှိတယ်။ ၄၊ ၅ ရက်လောက် ဖျားတယ်။ ဆီးချိုတွေကျ၊ အမောလည်း ဖောက်တယ်။ ပထမစစ်တော့ ဆီးလမ်းကြောင်းပိုးဝင်တာဆိုပြီး ပြန်လွှတ်လိုက်တယ်။ ဘယ်လိုပဲ ဆေးတွေသောက်သောက် ဖျားတာက မသက်သာဘူး။ ကိုယ်အပူချိန်က တက်လိုက်ကျလိုက် ဖြစ်နေတာနဲ့ မသက်သာလို့ အဆုတ် ဓာတ်မှန် ရိုက်ကြည့်တော့ အဆုတ်မှာ Spot တွေ့တယ်။ ကိုဗစ် လက္ခဏာ သွားစစ်လိုက်ပါဆိုလို့ ဒီနေ့မှ သွားစစ်တာ။ ပိုးတွေ့တာနဲ့ ဧရာဝတီစင်တာမှာ ထားထားတာပါ”
“သွားစစ်လိုက်တာ အဖေနဲ့ ကျနော့်ညီ သွားစစ်တာ။ အဖေက ကိုဗစ် Positive ၊ ကျနော့် ညီက Negative ၊ ကျနော့် ညီက Negative ထွက်လို့ ပြန်ရတယ်။ အဖေ့ကိုတော့ ခေါ်ထားလိုက်တယ်။ ကျနော့်ညီနဲ့ အဖေနဲ့က အနီးကပ်မို့ ကျနော့် ညီတို့ကိုပဲ စစ်တာ။ အိမ်က လူတွေတော့ မစစ်ရဘူး။ အဖေကအခု ဧရာဝတီ စင်တာမှာပါ။ အောက်စီဂျင် ပေးထားတယ်လို့ ပြောတယ်”လို့ မိုးဒီရဲ့ သားဖြစ်သူ ကောင်းစံက ပြောပါတယ်။
ရောဂါအခံရှိတဲ့ ဖခင်ကို စိတ်ပူတယ်ဆိုတဲ့ ကောင်းစံက ပရိသတ်တွေလည်း ဖခင်ရဲ့ အခြေအနေကို ကောင်းလာဖို့ ဆုတောင်းပေးကြဖို့ အခုလိုပဲ ဆိုပါတယ်။
“အဖေက ရောဂါစုံတော့ စိုးရိမ်တယ်။ အသက်ကလည်း ကြီးပြီ။ သူ့မှာ ဖြစ်နေတဲ့ ရောဂါကလည်း စုံတော့ စိုးရိမ်နေပါတယ်။ စိတ်ကတော့ ပူတယ်။ ကျနော်တို့ကလည်း ပြန်ကောင်းဖို့ပဲ ဆုတောင်းနေပါတယ်။ ပရိသတ်တွေလည်း အဖေ့ အခြေအနေ ကောင်းလာဖို့ ဆုတောင်းပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျနော်တို့လည်း အနားသွားနေလို့ မရဘူး။ အဖေ့ကို ဖုန်းဆက်ပြီးတော့ အားပေးစကား ပြောတယ်”လို့ ကောင်းစံက ပြောပါတယ်။
ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီး မိုးဒီဟာ ဆီချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ် ရောဂါအခံရှိသူဖြစ်ပြီး လက်ရှိမှာတော့ ဧရာဝတီ ကိုဗစ် ကုသရေးစင်တာမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။