Coronavirus Update

ဟောင်ကောင်မှာ ဝင်ငွေနည်း ကိုဗစ် ကူးစက်ခံရသူတွေကို ထောက်ပံ့ကြေးပေးမည်

ဟောင်ကောင်အစိုးရက COVID-19 ကူးစက်ခံရသူတွေကို ထောက်ပံ့ကြေးပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီး Sophia Chan က ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ် ကူးစက်သူတွေထဲက ဝင်ငွေနည်းပါးသူတွေ ပိုးကူးစက်ခံရရင် ထောက်ပံ့ကြေးရတော့မှာပါ။

မြို့တွင်းရှိ ကပွဲခန်းမတွေကတဆင့် အစုလိုက် ကူးစက်မှု အသစ်တွေကြောင့် အစိုးရက မဖြစ်မနေ ဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးဖို့ လုပ်ဆောင်လာပါတယ်။ ဒီထဲကမှ ဝင်ငွေနည်းပါးသူတွေ ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်ဆိုရင် ဟောင်ကောင် ဒေါ်လာ ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၆၄၅) ထောက်ပံ့ကြေး ပေးသွားမယ်လို့ ဆိုပါတယ်။

ဝင်ငွေနည်းပါးသူတွေမှာ COVID-19 ကူးစက်ခံရချိန် ဝင်ငွေ မရှိတော့တဲ့ ကာလကို ဖြတ်သန်းရမှာဖြစ်လို့ အစိုးရက ထောက်ပံ့ပေးတာဖြစ်တယ်လို့ ဝန်ကြီး Chan က ဆိုပါတယ်။ မြို့တွင်း ကိုဗစ်ကူးစက်မှုအရေအတွက် များလာတဲ့ အခြေအနေကိုလည်း သတိပေး ပြောဆိုသွားပါတယ်။

နောက်ထပ်လည်း ဗိုင်းရပ်စ် စစ်ဆေးရေး စင်တာတွေ တိုးချဲ့သွားဖို့ ရှိသလို၊ စမ်းသပ် စစ်ဆေးမှုတွေလည်း အများအပြား လုပ်ဆောင်သွားဖို့ ရှိတယ်လို့ Radio Television Hong Kong နဲ့ အင်တာဗျူးမှာ Chan က ပြောကြားခဲ့တာပါ။

ဟောင်ကောင်မှာ ပြည်တွင်းကူးစက်မှု အသစ်တွေကြောင့် စည်းကမ်းချက်တွေ ထုတ်ပြန်သွားဖို့ ရှိပြီး နိုဝင်ဘာ ၂၁ ကလည်း စင်ကာပူနဲ့ နှစ်နိုင်ငံ ပျံသန်းရေး Travel bubble အစီအစဉ်ကို ခေတ္တ ရပ်နားထားတယ်လို့ ကြေညာလိုက်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ် ၄၃ ခုရှိပြီး ဒါဟာ ၃ လအတွင်း ပထမဆုံးအကြိမ် အများဆုံး ကူးစက်မှု အရေအတွက်လည်း ဖြစ်ပါတယ်။ ဒီထဲက ၁၃ ယောက်ဟာ ပြည်တွင်းကူးစက်မှု ဖြစ်သလို၊ ကူးစက်ရာလမ်းကြောင်း ခြေရာခံမရတာကြောင့် နောက်ထပ် အစုလိုက် ကူးစက်မှုတွေ ပျံ့နှံ့လာမှာကို စိုးရိမ်နေပါတယ်။

ခြေရာခံမရတဲ့ ကူးစက်မှုတွေဟာ ကပွဲခန်းမတွေဆီက လာတာဖြစ်လို့ ဒီလအတွင်း ကပွဲရုံ ၁၄ ခုကို သွားရောက်ခဲ့သူတွေ မဖြစ်မနေ ဗိုင်းရပ်စ် စစ်ဆေးမှု ခံယူရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အစုလိုက်ကူးစက်မှုတွေဖြစ်ပြီးနောက် အဆိုပါ လုပ်ငန်းတွေကို နိုဝင်ဘာ ၂၆ ရက်ထိ ခေတ္တပိတ်ခိုင်းထားပါတယ်။

“အစုလိုက် ကူးစက်မှုတွေကို ကြည့်ရင် ရောဂါလက္ခဏာ မပေါ်ဘဲ ကူးစက်မှုတွေ ရှိနေတာကို ပြနေတယ်” လို့ အစားအစာနဲ့ ကျန်းမာရေးဗျူရိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လတ်တလော ကူးစက်မှုတွေထဲမှာ ၃၂ ခု ကလည်း နေရာ တခုတည်းနဲ့ ဆက်စပ်နေတာပါ။

ဟောင်ကောင်မှာ လက်ရှိအချိန်ထိ COVID-19 ကူးစက်ခံရသူပေါင်း ၅,၆၂၉ ဦးနဲ့ သေဆုံးသူ ၁၀၈ ဦးရှိပါတယ်။ လတ်တလော ပြည်တွင်းကူးစက်မှုတွေကြောင့် စတုတ္ထလှိုင်းသစ် ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

Ref: Bangkok Post

Loading