အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းဖော်စပ်နေတဲ့ COVID-19 ကာကွယ်ဆေးဟာ စမ်းသပ်မှု ရလဒ်တွေအရ ၇၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ ကတိပြုထားပါတယ်။
“ကာကွယ်ဆေးက ထိရောက်မှုရှိပြီး စိတ်ချရတဲ့ အခြေအနေဖြစ်လို့ အရေးပေါ်ပြည်သူ့ကျန်းမာရေးအတွက် ချက်ချင်း အကျိုးသက်ရောက်မှု ရှိနိုင်မယ်” လို့ AstraZeneca ကုမ္ပဏီအကြီးအကဲ Pascal Soriot က ဆိုပါတယ်။
လတ်တလော ထွက်ပေါ်ထားတဲ့ ကာကွယ်ဆေး Pfizer နဲ့ Moderna တို့နဲ့ယှဉ်ရင် ထိရောက်မှုစွမ်းအား နည်းတယ်လို့ ဆိုနေပေမယ့် ကုမ္ပဏီဘက်ကတော့ ဘေးထွက်ဆိုးကျိုး မရှိဘဲ စိတ်ချရတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဆေးပမာဏပေါ် မူတည်ပြီး ၆၂ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းထိ ထိရောက်မှု စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးကို ယခင်သုံးနေကျ နည်းပညာကိုပဲ အသုံးပြုထားတာဖြစ်လို့ ဈေးပိုသက်သာပြီး အများအပြား ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
Pfizer ဆေးက အမေရိကန်ဒေါ်လာ ၂၀ နဲ့ Moderna ဆေးက အမေရိကန်ဒေါ်လာ ၁၅ ကနေ ၂၅ ကြား ရှိနေချိန်မှာ AstraZeneca ဆေးကတော့ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာခွဲသာ ကျသင့်မှာ ဖြစ်ပါတယ်။ WHO အဖွဲ့ကြီးရဲ့ ဝင်ငွေနည်း တိုင်းပြည်တွေအတွက် အရေးပေါ်ဆေးဝါးအဖြစ် အသုံးပြုနိုင်မယ့် စာရင်းမှာလည်း ထည့်သွင်းထားပါတယ်။
AstraZeneca ကာကွယ်ဆေးရဲ့ အားသာချက် နောက်တခုကတော့ သာမန် ရေခဲသေတ္တာထဲမှာ (အပူချိန် ၃၆-၄၆ ဖာရင်ဟိုက်) ကြားမှာ အနည်းဆုံး ၆ လကြာ သိုလှောင်သိမ်းဆည်းထားနိုင်တာကြောင့် ကမ္ဘာ့ဘယ်နေရာမဆို သယ်ယူ ပို့ဆောင်သွားဖို့ လွယ်ကူနေပါတယ်။
စမ်းသပ်မှုအတွက် အရွယ်ရောက်ပြီး စေတနာ့ဝန်ထမ်း ၂၃,၀၀၀ ကျော်ပါဝင်ခဲ့သလို နောက်ထပ်လည်း ၆၀,၀၀၀ ကျော်ထိ တိုးမြင့်စမ်းသပ်သွားဖို့ ရှိနေပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ် ပါမောက္ခ Andrew Pollard လူတွေရဲ့အသက်ကို ကယ်တင်နိုင်မယ့် ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးလို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
ဘရာဇီးနဲ့ ယူကေမှာ ဆေးဝါစမ်းသပ်ခဲ့တဲ့ ရလဒ်တွေအရ COVID-19 ကာကွယ်ရေးအတွက် ထိရောက်မှုရှိပြီး ဆေးရုံတက် ကုသရတာနဲ့ ရောဂါပြင်းထန်ခံစားရသူတွေ မရှိခဲ့ကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူကေအစိုးရကတော့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းစမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို သန်း ၁၀၀ ကျော် ကြိုတင်မှာယူထားသလို၊ AstraZeneca ဘက်က ပြောကြားချက်အရ နောက်နှစ်မှာ ကာကွယ်ဆေး ၃ ဘီလီယံကျော် ထုတ်လုပ်ပေးမယ်လို့ ဆိုပါတယ်။
အောက်စဖို့ဒ် ကာကွယ်ဆေး စမ်းသပ်မှု အဖွဲ့ခေါင်းဆောင် ပါမောက္ခ Pollard က စိတ်လှုပ်ရှားစရာနေ့တနေ့ ဖြစ်ပြီး၊ ယူကေနိုင်ငံက စေတနာ့ဝန်ထမ်း ၁၀,၀၀၀ ကျော် အပါအဝင် စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Ref: BBC , Aljazeera
You may also like these stories:
ကနေဒါမှာ COVID-19 ကူးစက်မှုနှုန်း နေ့စဉ် မြင့်တက်လာ
အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂၅၀,၀၀၀ ကျော်ပြီ
ခံတွင်းသန့်စင်ဆေးရည်မှာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်နိုင်တဲ့ လက္ခဏာ တွေ့ရှိ