Coronavirus Update

ပြည်တွင်းကူးစက်မှုကြောင့် ရှန်ဟိုင်းက နိုင်ငံတကာလေဆိပ်ရှိ ခရီးစဉ်ရာနဲ့ချီ ဖျက်သိမ်း

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံတွင်းမှာ ပြည်တွင်းကူးစက်မှုတချို့ကြောင့် အသွားအလာ အများဆုံး လေဆိပ်တခုဖြစ်တဲ့ ရှန်ဟိုင်းမြို့က နိုင်ငံတကာလေဆိပ်ရှိ လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းလိုက်ပါတယ်။ Pudong နိုင်ငံတကာလေဆိပ်နဲ့ ဆက်စပ်နေတဲ့ ကူးစက်မှုတွေကြောင့် ဝန်ထမ်း ထောင်နဲ့ချီကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေက ဆေးစစ်ခဲ့တာပါ။

မြို့တွင်းကူးစက်မှုတွေမှာ လေဆိပ်ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးပိုင်းက ဝန်ထမ်းနဲ့ ပတ်သက်ဆက်နွယ်နေတာကို တွေ့ရှိခဲ့ရအပြီးမှာ လေဆိပ်ရှိ လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၁၉ ခုနှစ်ကုန်ပိုင်းကစလို့ စတင်ကူးစက်ခဲ့တဲ့ COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလာခွင့်တွေကို ထိန်းချုပ်ခဲ့ရသလို၊ အသွားအလာ ကန့်သတ်မှုတွေနဲ့ Lockdown ချမှတ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ကူးစက်မှုတွေ ပျံ့နှံ့မလာအောင် ထိန်းချုပ်နေပေမယ့် မြို့အသီးသီးမှာ ပြည်တွင်းကူးစက်မှုတွေ ရှိနေပါတယ်။ ရှန်ဟိုင်းမြို့မှာလည်း မကြာခင် ရက်ပိုင်းအတွင်း စစ်ဆေး တွေ့ရှိခဲ့တဲ့ ပြည်တွင်းကူးစက်မှ ၇ ခုဟာ နိုင်ငံတကာလေဆိပ်နဲ့ ဆက်စပ်နေသလို၊ နောက်ထပ် ကူးစက်မှုသစ်တခုလည်း နိုဝင်ဘာ ၂၄ ရက်မှာ ထပ်မံ တွေ့ရှိခဲ့ပြန်ပါတယ်။

တရုတ်နိုင်ငံဟာ အစိုးရဝန်ထမ်း၊ နိုင်ငံရပ်ခြား သွားရောက်မယ့် ကျောင်းသားတွေနဲ့ အလုပ်သမားတွေအတွက် စမ်းသပ်နေဆဲ ကာကွယ်ဆေးကို ထိုးနှံနိုင်အောင် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်အမျိုးသား ဇီဝနည်းပညာကုမ္ပဏီရဲ့ နောက်ဆုံးအဆင့် စမ်းသပ်ဆဲ ကာကွယ်ဆေးကို အွန်လိုင်းကနေ စစ်တမ်းကောက် ယူချက်အရ ၁၆၈,၀၀၀ ကျော်က ထိုးနှံဖို့ စာရင်းသွင်းထားပြီး ၉၁,၀၀၀ ကျော်ကတော့ စဉ်းစားဆဲ အခြေအနေ ရှိနေပါတယ်။

တရုတ်ဆေးကုမ္ပဏီတွေကနေ နောက်ဆုံးအဆင့် စမ်းသပ်ဆဲကာကွယ်ဆေး ၅ မျိုးလောက် ရှိပေမယ့် ဘယ်ဆေးမှ ပြည်သူတွေ အသုံးပြုဖို့ ထောက်ခံချက် မရရှိသေးပါဘူး။ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ပြည်သူတွေအတွက် ကာကွယ်ဆေးကို ဒီနှစ်မကုန်ခင် ရစေရမယ်လို့ ကတိပေးထားပါတယ်။

ကူးစက်မှုတွေကြောင့် နိုဝင်ဘာ ၂၄ ရက်က Pudong နိုင်ငံတကာလေဆိပ်ကနေ ဆင်းသက် ပျံသန်းမယ့် လေယာဉ်ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းလိုက်ရတာပါ။ ဒါဟာ အဆိုပါလေဆိပ်ရဲ့ နေ့တဝက်စာ လေကြောင်းခရီးစဉ် အရေအတွက်နီးပါး ရှိသလို၊ ပြည်တွင်းခရီးစဉ် တဝက်လောက်ကိုလည်း ထပ်မံဖျက်သိမ်းခဲ့ပါတယ်။

လေဆိပ်ပစ္စည်း သယ်ယူပို့ဆောင်းရေးပိုင်းရှိ ဝန်ထမ်းနဲ့ ဆက်စပ်နေတဲ့ လူပေါင်း ၁၇,၇၀၀ ကိုလည်း ဗိုင်းရပ်စ် ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံမြောက်ပိုင်း၊ ဆိပ်ကမ်းမြို့ဖြစ်တဲ့ တီယန်ကျင်းမှာလည်း ပြည်တွင်းကူးစက်မှု ၅ ခု ရှိလာတာကြောင့် လေကြောင်းခရီးစဉ် အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။

တရုတ်နိုင်ငံတွင်း မြို့အသီးသီးက ပြည်တွင်းကူးစက်မှု တချို့ကြောင့် အရေးပေါ်အစီအစဉ်တွေ လုပ်ဆောင်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် လေ့လာစောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ အစိုးရတာဝန်ရှိသူတွေကလည်း မကြာခင် ရက်ပိုင်းအတွင်းက ပြည်ပက တင်သွင်းလာတဲ့ အေးခဲအစားအစာတွေကနေ ကူးစက်မှုတွေရှိတယ် ဆိုတဲ့ စွပ်စွဲချက်အပြီးမှာ ဂရုစိုက်စောင့်ကြည့်မှုတွေ လုပ်ဆောင်လာပါတယ်။

Ref: CNA

You may also like these stories:

မလေးရှားမှာ အစုလိုက် ကူးစက်မှုတွေကြောင့် ကိုဗစ် ကူးစက်နှုန်း စံချိန်တင်မြင့်တက်

Oxford နဲ့ AstraZeneca တို့ ထုတ်လုပ်မယ့် တန်ဖိုးနည်း ကိုဗစ် ကာကွယ်ဆေးသစ်

ဟောင်ကောင်မှာ ဝင်ငွေနည်း ကိုဗစ် ကူးစက်ခံရသူတွေကို ထောက်ပံ့ကြေးပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading