ရုရှားနိုင်ငံကနေ စမ်းသပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေထဲက Sputnik V ကို အိန္ဒိယ ဆေးကုမ္ပဏီ Hetero နဲ့ ပူးပေါင်းပြီး အိန္ဒိယနိုင်ငံမှာ သန်း ၁၀၀ ကျော် ထုတ်လုပ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အိန္ဒိယ နာမည်ကြီး ဆေးဝါးကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကမ္ဘာ့ပထမဆုံး မှတ်ပုံတင်ထားတဲ့ ရုရှားကာကွယ်ဆေးကို ထုတ်လုပ်သွားမှာပါ။
“ကျနော်တို့ရဲ့ ကမ္ဘာ့ပထမဆုံး မှတ်ပုံတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Sputnik V ကို အိန္ဒိယမှာ သန်း ၁၀၀ ကျော် ထုတ်လုပ်ဖို့ ဆေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Hetero နဲ့ သဘောတူခဲ့ကြတယ်” လို့ Russian Direct Investment Fund (RDIF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ စတင်ဖို့ မျှော်မှန်းထားပါတယ်။
ဒီအပတ်အစောပိုင်းကပဲ Sputnik V ကာကွယ်ဆေးရဲ့ စမ်းသပ်မှု ရလဒ်အရ ၉၅ ရာခိုင်နှုန်းထိ ထိရောက်မှု ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ တခြား နိုင်ငံတကာက ဆေးဝါးကုမ္ပဏီကြီးတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတိုင်း ရုရှားရဲ့ Sputnik V ကလည်း ၉၅ ရာခိုင်နှုန်း ထိရောက်တယ်လို့ ပြောကြားလိုက်တာပါ။
ဒါ့အပြင် နိုင်ငံတကာ ဈေးကွက်အတွက် တခြား COVID-19 ကာကွယ်ဆေးတွေထက် ပိုသက်သာမယ့် နှုန်းထားနဲ့ ရောင်းချသွားဖို့ရှိပြီး တခါထိုးပမာဏကို အမေရိကန်ဒေါ်လာ ၁၀ သာ ကျသင့်မယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Sputnik V ကို ရုရှားကျန်းမာရေးဌာနထံ သြဂုတ်လထဲက ပထမဆုံး မှတ်ပုံ တင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ နောက်ထပ်လည်း Sputnik V ကာကွယ်ဆေးကို စမ်းသပ်မှုတွေ ထပ်မံလုပ် ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စေတနာ့ဝန်ထမ်း ၄၀,၀၀၀ ကျော်နဲ့ နောက်ဆုံးအဆင့်ကို စမ်းသပ်နေပါပြီ။ စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ယခင် ဆိုဗီယက်ပြည်ထောင်စုမှာ ပါဝင်ခဲ့တဲ့ ဘီလာရုစ်နိုင်ငံ၊ ယူအေအီးနဲ့ ဗင်နီဇွဲလားအပါအဝင် နိုင်ငံတော်တော်များများမှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားရဲ့ Sputnik V ကာကွယ်ဆေးကို အိန္ဒိယအပြင် ဘရာဇီး၊ တရုတ်၊ တောင်ကိုရီးယားတို့နဲ့လည်း အတူ ပူးပေါင်းထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ “ကိုရိုနာဗိုင်းရပ်စ် ရန်ကနေ ကာကွယ်နိုင်မယ့် ကာကွယ်ဆေးအဖြစ် Sputnik V ဟာ နိုင်ငံတိုင်းမှာ အသုံးပြုလာမယ့် ဆေးဝါး ဖြစ်လာမယ်လို့ ယုံကြည်ထားတယ်” ဆိုပြီး RDIF အကြီးအကဲ Kirill Dimitriyev က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေပြီး လက်ရှိအချိန်ထိ စုစုပေါင်း ၂ ဒသမ ၂ သန်းကျော် ကူးစက်ခံထားရကာ သေဆုံးသူ ၄၀,၀၀၀ နီးပါးရှိနေပြီဖြစ်လို့ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံး နိုင်ငံတွေထဲမှာ စတုတ္ထမြောက်လည်း ဖြစ်ပါတယ်။
Ref: Aljazeera
You may also like these stories:
ပါကစ္စတန်မှာ COVID-19 နေ့စဉ် ကူးစက်မှုနှုန်း ၃၀၀၀ ကျော်ထိ ရှိလာ
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရသူပေါင်း သန်း ၆၀ ကျော်ပြီ
ပြည်တွင်းကူးစက်မှုကြောင့် ရှန်ဟိုင်းက နိုင်ငံတကာလေဆိပ်ရှိ ခရီးစဉ်ရာနဲ့ချီ ဖျက်သိမ်း