ဂျာမနီမှာ COVID-19 ကူးစက်မှုပေါင်း ၁ သန်း ကျော်ပြီ
ဂျာမနီနိုင်ငံဟာ နိုဝင်ဘာ ၂၇ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁ သန်းကျော်လွန်သွားတဲ့ ၁၂ နိုင်ငံမြောက် ဖြစ်လာခဲ့ပါပြီ။ ဥရောပတိုက်က နိုင်ငံတွေထဲမှာ ကူးစက်သူ ၁ သန်းကျော်လွန်ခဲ့တဲ့ ဆဋ္ဌမမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ The Robert Koch Institute ရဲ့ ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကူးစက်မှုပေါင်း ၂၂,၈၀၆ ဦး ရှိခဲ့တာကြောင့် စုစုပေါင်း ၁,၀၂၇,၃၂၅ ဦးထိ ကူးစက်ခံထားရပါတယ်။ သေဆုံးနှုန်းကို ကြည့်ရင်တော့ သေဆုံးသူပေါင်း ၅၀,၀၀၀ ကျော်နေတဲ့ ဗြိတိန်၊ အီတလီ၊ ပြင်သစ်တို့ထက်စာရင် ဂျာမနီမှာ စုစုပေါင်း ၁၆,၁၇၂ ဦးသာ ရှိပါတယ်။
ကူးစက်မှုနှုန်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် စတင်ကူးစက်ရာ နေရာတွေကို လက်ဦးယူနိုင်မှု၊ ကျန်းမာရေးစနစ် အားကောင်းတာအပြင် အများအပြား ဗိုင်းရပ်စ်စစ်ဆေးမှုတွေက သေဆုံးနှုန်းနည်းအောင် ကူညီနိုင်ခဲ့တာပါ။ The Robert Koch Institute ရဲ့ ထုတ်ပြန်ချက်မှာ ပျောက်ကင်းသက်သာလာသူ ၇၀၀,၀၀၀ နီးပါး ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကူးစက်မှုတွေ စံချိန်တင်မြင့်တက်လာတာကြောင့် နိုဝင်ဘာ ၂ ရက်ကစပြီး ကန့်သတ်မှုတွေ လုပ်ဆောင်လာတာ ၁ လနီးပါးအကြာမှာ ယခင်အပတ်ကထက် ကူးစက်မှုနှုန်း အနည်းငယ် ကျဆင်းလာတယ်လို့ ဆိုပါတယ်။ လက်ရှိ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေက ကူးစက်မှုနှုန်း လျော့ကျသွားအောင် စွမ်းဆောင်နိုင်တာကို မြင်တွေ့နေရတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဂျာမနီအဓိပတိ Angela Merkel နဲ့ အစိုးရအဖွဲ့ကတော့ ဒီအပတ်အစောပိုင်းကပဲ ကန့်သတ်မှုတွေကို ဒီဇင်ဘာလကုန်ထိ ထပ်မံတိုးမြင့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပတ်တိုင်းမှာ ကူးစက်မှုနှုန်းကိုလည်း လူဦးရေ ၁၀၀,၀၀၀ မှာ ၅၀ အောက် လျော့ကျသွားတဲ့ထိ ဆောင်ရွက်နိုင်ဖို့အတွက် နောက်ထပ်ကန့်သတ်ချက်တချို့ကို
ဘားဆိုင်၊ စားသောက်ဆိုင်၊ ပြဇတ်ရုံ၊ အားကစားခန်းမတွေကို ပိတ်ထားဦးမှာဖြစ်ပေမယ့် ကျောင်းနဲ့ ဈေးဆိုင်တွေကိုတော့ ဖွင့်ခွင့်ပေးထားပါတယ်။ ဒီဇင်ဘာ ၁ ရက်ကစလို့ လူစုဝေးခွင့်ကို ၁၀ ယောက်ကနေ ၅ ယောက်ထိ လျော့ချပြီး ခရစ္စမတ်ကာလ ကျော်လွန်မှသာ ၁၀ ယောက်ထိ ပြန်လည်စုဝေးခွင့်ပြုမယ်လို့ ဆိုပါတယ်။
မိသားစုတွေကိုလည်း ခရစ္စမတ်ကာလ ပိတ်ရက်ရှည်အတွင်း အလည်အပတ်သွားတာမျိုးတွေကို ရှောင်ကြဉ်ဖို့ နဲ့ လူစုလူဝေး တွေ့ဆုံပွဲတွေ မဖြစ်အောင် တားမြစ်ထားတယ်လို့ ဆိုပါတယ်။ မြို့တော် ဘာလင်ကတော့ ဂျာမနီ နိုင်ငံမှာ ကူးစက်မှုနှုန်း မြင့်တက်တဲ့ဒေသထဲ ပါဝင်တာကြောင့် ခရစ္စမတ်ကာလတွေမှာတောင် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားဖို့ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။
Ref: France 24