Coronavirus Update

တူရကီမှာ COVID-19 ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း စံချိန်တင် မြင့်တက်

တူရကီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ၇ ရက်ဆက်တိုက် စံချိန်တင် သေဆုံးမှုနှုန်း မြင့်တက်နေပါတယ်။ သမ္မတ Tayyip Erdogan အစိုးရက ဒုတိယလှိုင်း ကာကွယ်ရေး စီမံချက်တွေ လုပ်ဆောင်နေပေမယ့် ကူးစက်နှုန်းတွေကတော့ မြင့်တက်နေဆဲပါ။

အစိုးရပိုင်းက ယခင်ပတ်ကစပြီး ညမထွက်ရအမိန့်လို တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ လုပ်ဆောင်ထားခဲ့တာပါ။ အပြင်ထွက် အလုပ်လုပ်စရာ မလိုတဲ့ အသက်ရွယ်တွေကို အိမ်ထဲမှာပဲ နေကြဖို့ ၊ ကျောင်းသင်ခန်းစာတွေကို အွန်လိုင်းကတဆင့် သင်ကြားသွားဖို့နဲ့ စားသောက်ဆိုင်၊ ကော်ဖီဆိုင်တွေမှာ ပါဆယ်စနစ်သာ ရောင်းချဖို့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

COVID-19 ဒုတိယလှိုင်း ကြိုတင်ကာကွယ်ရေး စီမံချက်တွေက အလုပ်မဖြစ်ဘဲ ကူးစက်မှုနှုန်းဟာ နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း သေဆုံးသူ ၁၈၅ ယောက်ထိ ရှိတာကြောင့် ဧပြီလ ပထမလှိုင်း ကူးစက်မှုထက် ၄၅ ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်တွေအရ ၂၄ နာရီအတွင်း တူရကီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၉,၂၈၁ ဦးရှိခဲ့ပြီး နိုဝင်ဘာ ၂၈ တုန်းက စံချိန်တင် ၃၀,၁၀၃ ဦးထိ ရှိခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံတွင်းမှာ ကူးစက်မှုပေါင်း ၆၀၇,၆၂၈ ဦးရှိလာသလို သေဆုံးသူ ၁၃,၅၅၈ ဦးရှိနေပါပြီ။ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံး ၁၈ နိုင်ငံမြောက်လည်း ဖြစ်ပါတယ်။

ဆရာဝန်တွေနဲ့ အတိုက်ခံ နိုင်ငံရေးခေါင်းဆောင်တွေက ပိုမိုတင်းကျပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ဖို့ ပြောဆိုနေပေမယ့် လက်ရှိ ကန့်သတ်ချက်တွေနဲ့တင် စားသောက်ဆိုင်၊ ဈေးဆိုင်တွေနဲ့ ဟိုတယ်လုပ်ငန်းတွေ အထိနာနေတာကြောင့် အစိုးရပိုင်းက ထုတ်ပြန်ချက်တွေကို လူတဦးချင်းစီကပါ လိုက်နာကြဖို့ တိုက်တွန်းနေပါတယ်။

အစ္စတန်ဘူလ်ဆေးရုံက ဒေါက်တာ Celallettin Koruturk က တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ဖို့ပဲ အကြံပြုပြောဆိုနေပါတယ်။ ယခင်အပတ်ကစပြီး လုပ်ခဲ့မယ်ဆိုရင် ဒီတပတ်မှာ ရလဒ်ကောင်းတွေတောင် မြင်တွေ့နိုင်နေပါပြီလို့ ဆိုပါတယ်။

“လက်ရှိ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် လူဦးရေ အချိုးကိန်းအရ ကျနော်တို့ နိုင်ငံလည်း ကူးစက်မှုနှုန်းများတဲ့ ထိပ်ဆုံးစာရင်းဝင် ဖြစ်နေပါတယ်။ လုပ်သင့်တာတွေကို စောင့်ဆိုင်းမနေဘဲ အားစိုက်လုပ်သင့်နေပါပြီ” လို့ ဒေါက်တာ ဒေါက်တာ Koruturk က ဆိုပါတယ်။

အတိုက်ခံခေါင်းဆောင် Meral Aksener ကလည်း “ကျနော်တို့ ပြည်သူတွေရဲ့ အသက်တွေ ဆုံးရှုံးနေတာပါ။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တပွဲတိုး နည်းလမ်းတွေနဲ့ ဒီအခြေအနေကြီးကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်” လို့ ပြောကြားသွားပါတယ်။

Ref: Reuters

Loading