စင်ကာပူက မွေးကင်းစ ကလေးငယ်မှာ COVID-19 ပဋိပစ္စည်း ပါလာဟုဆို
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖူးတဲ့ ကိုယ်ဝန်ဆောင်သည် မိခင်တဦးကနေ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်းပါ ကလေးငယ်ကို မွေးဖွားခဲ့ပါတယ်။ လေ့လာနေသူတွေအတွက်တော့ အဆိုပါ သတင်းဟာ မိခင်ဖြစ်သူဆီကနေ ကလေးငယ်ကို ကူးစက်နိုင်လားဆိုတဲ့ မေးခွန်းရဲ့ အဖြေအတွက် သဲလွန်စ အသစ်တခုလည်း ဖြစ်လာပါတယ်။
ကလေးငယ်မှာ COVID-19 ပိုး မတွေ့ရဘဲ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်း ပါလာတယ်လို့ Straits Times သတင်းစာမှာ မိခင်ပြောစကားကို ကိုးကားပြီး နိုဝင်ဘာ ၂၉ ရက်က ဖော်ပြခဲ့ပါတယ်။ “ကျမဆီက COVID-19 ပဋိပစ္စည်းတွေ သားလေးဆီကို ကိုယ်ဝန်ဆောင်နေတုန်း ရောက်သွားတာဖြစ်မယ်လို့ ဆရာဝန်တွေကတော့ ယူဆနေတယ်” လို့ Celine Ng-Chan က သတင်းစာကို ပြောပါတယ်။
မစ္စ Ng-Chan ဟာ ကိုယ်ဝန်ဆောင်ချိန် မတ်လတုန်းက ကိုရိုနာဗိုင်းရပ်စ် အပျော့စား လက္ခဏာတွေ ခံစားခဲ့ရတာကြောင့် ၂ ပတ်ခွဲကြာ ဆေးရုံတက်ကုသခဲ့ရတယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။ Ng-Chan ကလေးမွေးဖွားခဲ့တဲ့ National University Hospital (NUH) က မှတ်ချက် တစုံတရာ မပေးသေးပါဘူး။
World Health Organization (WHO) အဖွဲ့ကြီးက COVID-19 ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးမီးဖွားနေချိန် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုင်းရပ်စ် ကူးစက်နိုင်လားဆိုတဲ့ အဖြေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ သားအိမ်တွင်းက အရည်ထဲမှာ ဒါမှမဟုတ် နို့ရည်ထဲမှာ ဗိုင်းရပ်စ် ရှိနေတာမျိုးလည်း မတွေ့ရသေးပါဘူး။
တရုတ်နိုင်ငံက ဆရာဝန်တွေကလည်း အောက်တိုဘာလထုတ် Emerging Infectious Diseases ဂျာနယ်ပါတဲ့ ဆောင်းပါးမှာ ကိုရိုနာဗိုင်းရပ်စ် ရှိတဲ့ မိခင်ကနေ COVID-19 ပဋိပစ္စည်းပါ ကလေးငယ်တွေ မွေးဖွားလာတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုခဲ့ပါတယ်။
နယူးယောက်နဲ့ ကိုလံဘီယာတက္ကသိုလ်တွေက ဆရာဝန်တွေကလည်း အောက်တိုဘာလထုတ် JAMA Pediatrics ဆေးပညာဂျာနယ်မှာ “ကိုရိုနာဗိုင်းရပ်စ် အသစ်ဟာ မိခင်ကနေ ကလေးငယ်ဆီကို ကူးစက်တယ်ဆိုတာ အလွန်ပဲ ရှားပါတယ်”လို့ ပြောဆိုခဲ့ဖူးပါတယ်။
Ref: Reuters