အင်္ဂလန်နိုင်ငံရဲ့ Lockdown ကာလအတွင်း ကူးစက်မှုနှုန်း ၃၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၅ ရက်က စတင်ခဲ့တဲ့ အင်္ဂလန်ရဲ့ ဒုတိယအကြိမ် Lockdown ကန့်သတ်ချက်ကာလမှာ ကူးစက်မှုနှုန်း လျော့ကျလာတာကို လေ့လာချက် အသစ်တခုမှာ ဖော်ပြထားတာပါ။
Imperial College London နဲ့ Ipsos MORI’s React-1 လေ့လာချက်မှာ နိုဝင်ဘာ ၁၃ ကနေ ၂၄ ရက်ကြား ကာလအတွင်း လူ ၁၀,၀၀၀ မှာ ၉၆ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ လေ့လာချက်မှာ လူအယောက် ၁၀၀,၀၀၀ ကို ကျပန်းစနစ်နဲ့ COVID-19 စစ်ဆေးခဲ့တဲ့ ရလဒ်အရ အရင် အောက်တိုဘာ ၁၆ ကနေ နိုဝင်ဘာ ၂ ရက်ကြား ကူးစက်မှုနှုန်း လူ ၁၀,၀၀၀ မှာ ၁၃၀ ဦးထက် ကျဆင်းလာတာကို ပြသနေတာပါ။
လေ့လာချက်အသစ်နဲ့ ပတ်သက်ပြီး Department of Health and Social Care (DHSC) ကတော့ ဗိုင်းရပ်စ် ပျံ့နှံ့မှုက ရှိနေဆဲဖြစ်လို့ သတိရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။ “ဒီလေ့လာချက်မှာ Lockdown မချခင်က ကူးစက်မှုတွေ မြင့်တက်နေခဲ့ပြီး Lockdown ကာလအတွင်းမှာ ကူးစက်မှုနှုန်း လျှော့ချနိုင်တာကို ပြနေပါတယ်” လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ယူကေမှာ ကူးစက်မှုပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိကာ သေဆုံးသူ ၅၈,၀၀၀ ကျော်ရှိနေပြီး ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံး သတ္တမမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့က ချမှတ်လိုက်တဲ့ Lockdown စည်းမျဉ်းဟာ မနက်ဖြန် ဒီဇင်ဘာ ၂ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
မကြာခင် ကျရောက်တော့မယ့် ခရစ္စမတ်ကာလအတွင်း မိသားစုချင်း တွေ့ဆုံခွင့်ရအောင်၊ ဘာသာရေး ဝတ်ပြု ဆုတောင်းဖို့အတွက် ပြန်ခွင့်ပြုနိုင်အောင် စည်းမျဉ်းတွေကို ဒီဇင်ဘာ ၂၃ ကနေ ၂၇ ကြား ဖြေလျော့ပေးဖို့ ရှိနေပါတယ်။ စကော့တလန်၊ ဝေလနဲ့ မြောက်အိုင်ယာလန် ဒေသတွေမှာတော့ ဖြေလျော့မှုတွေ လုပ်ပေးဖို့ ကတိပေးလိုက်တာကြောင့် မိသားစုတွေဆီ သွားရောက် လည်ပတ်နိုင်တော့မှာပါ။
အင်္ဂလန်က တက္ကသိုလ်တွေမှာလည်း ယာယီ COVID-19 စင်တာတွေ ဖွင့်လှစ်ကာ ခရစ္စမတ်ကာလအတွင်း နေရပ်ပြန်မယ့် ကျောင်းသားတွေကို အများအပြား စစ်ဆေးပေးနေပါတယ်။ ၂ ကြိမ် အစစ်ဆေးခံပြီး COVID-19 ကင်းရှင်းကြောင်း ရလဒ်ထွက်ပေါ်တဲ့ ကျောင်းသားတွေ နေရပ်ပြန်ခွင့်ပြုသွားမှာပါ။
ဒီဇင်ဘာ ၂ ရက်ကစလို့ အင်္ဂလန်နိုင်ငံအတွင်း COVID-19 ကူးစက်မှုနည်းတဲ့ ဒေသတွေမှာ မတ်လကစပြီး အားကစားကွင်းထဲ ပွဲကြည့်ခွင့် ကန့်သတ်လိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ခွင့်ပြုသွားဖို့ ရှိနေပါတယ်။
ကူးစက်မှုအနည်းဆုံး Tier 1 နေရာက Outdoor ကစားကွင်းတွေမှာဆိုရင် ကွင်းတဝက် လူ ၄,၀၀၀ လောက် ဝင်ခွင့်ပြုသွားမှာဖြစ်ပြီး၊ Tier 2 နေရာဆိုရင် ၂,၀၀၀ လောက်ထိ ရနိုင်ပေမယ့် Tier 3 နေရာတွေမှာတော့ ဝင်ခွင့် ပိတ်ပင်ထားဦးမှာ ဖြစ်ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေမှာ ယှဉ်ပြိုင်နေတဲ့ အသင်းကြီးအများစု တည်ရှိရာနေရာတွေက Tier 3 နယ်ပယ်ထဲ ဖြစ်လို့ ပွဲကြည့်ပရိသတ် ဝင်ခွင့်ပြုမယ့်ထဲ မပါဝင်သေးပါဘူး။ ဝင်ခွင့်ပြုခံထားရတဲ့ အားကစား ပွဲစဉ်တွေမှာလည်း ပရိသတ်တွေဟာ အိမ်ကွင်းမှာသာ ကြည့်ရှုခွင့်ရမှာဖြစ်ပြီး၊ အဝေးကွင်းနေရာတွေကို သွားရောက်ခွင့် ကန့်သတ်ထားဦးမယ်လို့ ဆိုပါတယ်။
Ref: Aljazeera
You may also like these stories:
ပြည်တွင်းကူးစက်မှုကြောင့် ရှန်ဟိုင်းက နိုင်ငံတကာလေဆိပ်ရှိ ခရီးစဉ်ရာနဲ့ချီ ဖျက်သိမ်း
မလေးရှားမှာ အစုလိုက် ကူးစက်မှုတွေကြောင့် ကိုဗစ် ကူးစက်နှုန်း စံချိန်တင်မြင့်တက်
Oxford နဲ့ AstraZeneca တို့ ထုတ်လုပ်မယ့် တန်ဖိုးနည်း ကိုဗစ် ကာကွယ်ဆေးသစ်