အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေချိန်မှာ ၂၄ နာရီအတွင်း သေဆုံးနှုန်းဟာလည်း ဧပြီလနောက်ပိုင်း အမြင့်ဆုံးအဖြစ် ၂,၅၀၀ ကျော် ရှိခဲ့တယ်လို့ ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အချိန်နဲ့ တပြေးညီ ထုတ်ပြန်နေတဲ့ ကိန်းဂဏန်းတွေအရ ဒီဇင်ဘာ ၁ ရက်က အမေရိကန်မှာ COVID-19 ကူးစက်ခံရသူပေါင်း ၁၈၂,၂၇၆ နဲ့ သေဆုံးသူ ၂,၆၁၄ ဦး ရှိခဲ့ပါတယ်။ ဒါဟာ ဧပြီလ ပထမလှိုင်းမှာ အမြင့်ဆုံး ရောက်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးမှုပေါင်း ၂,၅၆၂ ဦး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။
Covid Tracking Project အရ ဒီဇင်ဘာ ၁ ရက်က ဆေးရုံတက် ကုသမှုခံယူခဲ့ရသူ ၉၉,၀၀၀ ကျော် ရှိခဲ့ပြီး အထူးသဖြင့် နိုင်ငံအနောက်အလယ်ပိုင်း အင်ဒီယန်းနားနဲ့ တောင်ဒါဂိုတာ ပြည်နယ်တွေက အများဆုံး ဖြစ်ပါတယ်။
ကျေးဇူးတော်နေ့ အခါသမယမှာ အမေရိကန်လူမျိုး သန်းနဲ့ချီဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လျစ်လျူရှုပြီး မိသားစု ဆွေမျိုးတွေနဲ့ တွေ့ဆုံ စုဝေးတာတွေ လုပ်ခဲ့ကြလို့ ကူးစက်မှုနှုန်းတွေ ပိုများလာမှာကို ကျန်းမာရေး တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။
လက်ရှိမှာတော့ ကူးစက်မှုနှုန်းတွေက အရင်ထက် နေ့စဉ်လိုလို မြင့်တက်လာနေပြီး နေ့စဉ်သေဆုံးမှုနှုန်းဟာ နွေဦးပေါက် ရာသီလောက်တည်းက ပုံမှန် ၂,၀၀၀ ဝန်းကျင်လောက် ရှိနေခဲ့တာ ဆိုပေမယ့် လွန်ခဲ့တဲ့ ၂ ပတ် လောက်ကစပြီး သေဆုံးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာနေပါတယ်။
နိုဝင်ဘာ တလအတွင်း အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းဟာ တက်လိုက်ကျလိုက် ဆိုပေမယ့် နောက်ဆုံးပတ်တွေမှာ ဆက်တိုက် မြင့်တက်နေတာကြောင့် စက္ကန့် ၄၀ မှာ ၁ ယောက်နှုန်းနဲ့ သေဆုံးနေပါတယ်။
ပြည်နယ် ၄၄ ခုမှာ တောင်ဒါဂိုတာ၊ မြောက်ဒါဂိုတာ နဲ့ Wyoming ပြည်နယ်တွေကတော့ သေဆုံးနှုန်းအများဆုံး ဖြစ်နေပြီး လူဦးရေ ထူထပ်တဲ့ ကယ်လီဖိုးနီးယား နဲ့ တက္ကဆပ်ပြည်နယ်တွေမှာ သေဆုံးနှုန်းကျဆင်းနေတာက အနည်းငယ်စိတ် သက်သာရာရစေပါတယ်။
နိုင်ငံတွင်းမှာ COVID-19 ကူးစက်မှု စတင်ခဲ့တဲ့ ရက်ပေါင်း ၃၀၀ ကျော်အတွင်း ကူးစက်မှုပေါင်း ၁၄ သန်းကျော်နဲ့ သေဆုံးသူ ၂၈၀,၀၀၀ နီးပါးရှိလာပါပြီ။ ပျောက်ကင်း သက်သာသွားသူကတော့ ဒီဇင်ဘာ ၁ ရက်နေ့ထိ ၈ သန်းကျော် ရှိပါတယ်။
Ref: Asia Times