အမေရိကန် သမ္မတဟောင်းတွေဖြစ်တဲ့ အိုဘားမား၊ ဂျော့ ဒဗလျူ ဘုရှ် နဲ့ ဘီလ် ကလင်တန်တို့ ၃ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စိတ်ချရကြောင်း ပြည်သူတွေ ယုံကြည်လာအောင် အရင်ဆုံး ထိုးနှံပြသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူတွေက COVID-19 ကာကွယ်ဆေးဟာ စိတ်ချမှုရှိပြီး ထိရောက်တယ်ဆိုတာ ပြည်သူတွေ ပိုမိုယုံကြည်လာအောင် စည်းရုံးနေစဉ်မှာ သမ္မတဟောင်း ၃ ဦးရဲ့ ပြောစကားတွေက ယုံကြည်မှုတွေ ပိုတိုးလာစေတယ်လို့ ဆိုပါတယ်။
သမ္မတဟောင်း ဘုရှ်က ကာကွယ်ဆေးထိုးနှံဖို့အတွက် ပြည်သူတွေ လက်ခံယုံကြည်မှု များလာအောင် သူပါဝင် ကူညီပေးချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတဟောင်း ကလင်တန် ကိုယ်တိုင်လည်း ကာကွယ်ဆေး ထိုးနှံပေးရေးကိစ္စမှာ ပါဝင်ချင်တယ်လို့ သူ့အတွင်းရေးမှူးက ဆိုပါတယ်။ “သမ္မတ ကလင်တန်ဟာ ကာကွယ်ဆေး ထိုးလို့ရပြီဆိုတာနဲ့ ကိုယ်တိုင် အရင်ထိုးနှံပြသွားမယ်” လို့ ပြောကြားခဲ့ပါတယ်။
သမ္မတဟောင်း အိုဘားမားကတော့ ဒေါက်တာ Fauci က စိတ်ချရတယ်ပြောတဲ့ ကာကွယ်ဆေးကို သူလည်းပဲ လက်ခံယုံကြည်တယ်လို့ အင်တာဗျူးတခုမှာ ဖြေခဲ့ပါတယ်။ “ဒေါက်တာ Fauci လို ကျနော်နဲ့ အလုပ်တွဲလုပ်လာတဲ့ သူမျိုးက ပြောတာကို ကျနော် အပြည့်အဝ ယုံကြည်တယ်” လို့ ဆိုပါတယ်။
“ကာကွယ်ဆေးက စိတ်ချယုံကြည်ရတယ်ဆိုတာ ပြည်သူတွေကို ကတိပေးပါတယ်။ ကျနော်ကိုယ်တိုင်လည်း ထိုးနှံပြသွားမှာပါ။ ကာကွယ်ဆေးထိုးတဲ့အခါ ကျနော် ယုံကြည်တာကို ပြည်သူတွေ သိအောင် ရုပ်သံကဖြစ်ဖြစ်၊ ဗီဒီယို ရိုက်ကူးပြပေးသွားမယ်” လို့ အိုဘားမားက ဆိုပါတယ်။
နောက်ထပ် သမ္မတဟောင်းဖြစ်တဲ့ ဂျင်မီကာတာနဲ့ ဇနီးသည်ကလည်း ကာကွယ်ဆေး ထိုးနှံမယ့်ကိစ္စကို အားပေးလိုက်ပြီး ထောက်ခံသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ “သမ္မတ ဂျင်မီကာတာနဲ့ ဇနီးသည် Rosalynn တို့ နှစ်ယောက်လုံး COVID-19 ကာကွယ်ဆေး ထိုးနှံပေးမယ့် အစီအစဉ်ကို အပြည့်အဝထောက်ခံအားပေးပါတယ်” လို့ The Carter Center က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ ဂျိုးဘိုင်ဒန်က ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အသုံးပြုသွားမှာဖြစ်ပြီး လူတိုင်းအခမဲ့ ထိုးနှံပေးသွားဖို့ အာမခံတဲ့အကြောင်း အင်တာဗျူးတခုမှာ ဖြေကြားထားပါတယ်။
အမေရိကန်အတွက် Pfizer က ထုတ်မယ့် ကာကွယ်ဆေးကို ပမာဏ အများအပြား သဘောတူ ဝယ်ယူထားတဲ့အပြင် Moderna ရဲ့ ကာကွယ်ဆေးကိုလည်း ပထမအကြိမ် သန်း ၁၀၀ ဝယ်ယူထားပြီးဖြစ်ပါတယ်။
Ref: edition.cnn
You may also like these stories:
ဂျပန်မှာ COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်
ယူကေရဲ့ ကာကွယ်ဆေး ခွင့်ပြုချက်ဟာ အလျင်စလိုနိုင်တယ်လို့ ဝေဖန်ခံရ
ကမ္ဘာမှာ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ပထမဆုံး ခွင့်ပြုလိုက်တဲ့ ယူကေ