Pfizer နဲ့ BioNTech တို့ ပူးပေါင်း ထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးကို ယူကေမှာ ပထမဆုံး ခွင့်ပြုလိုက်ပြီးနောက် အရှေ့အလယ်ပိုင်း ဘာရိန်းနိုင်ငံကလည်း အရေးပေါ် အသုံးပြုခွင့် ပြုလိုက်ပါပြီ။ ဒီဇင်ဘာ ၄ ရက်မှာ COVID-19 ကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ ဒုတိယမြောက် ခွင့်ပြုပေးလိုက်တဲ့ နိုင်ငံဖြစ်လာတာပါ။
“ဘာရိန်းမှာ Pfizer နဲ့ BioNTech တို့ ပူးပေါင်းထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးကို ရောဂါကူးစက်နိုင်ချေများတဲ့ အုပ်စုတွေကို စတင်ထိုးနှံပေးဖို့ ခွင့်ပြုလိုက်တယ်” လို့ National Health Regulatory Authority (NHRA) ရဲ့ ထုတ်ပြန်ချက်ကို ဒေသခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ကာကွယ်ဆေး ပမာဏ ဘယ်လောက် ဝယ်ယူထားပြီးလဲနဲ့ ဘယ်အချိန်မှာ စတင်ထိုးနှံသွားမယ်ဆိုတဲ့အချက်တွေကိုတော့ အသေးစိတ် ထုတ်ပြန်ထားတာမျိုး မရှိသေးသလို၊ Pfizer ကုမ္ပဏီဘက်ကလည်း ဖြေကြားတာမျိုး မရှိသေးပါဘူး။
ဘာရိန်းနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်မှာ အဓိက စိန်ခေါ်နေတာကတော့ ဆေးကို သိုလှောင် သိမ်းဆည်းထားရေးအပိုင်းပါ။
Pfizer နဲ့ BioNTech တို့ ပူးပေါင်းထုတ်လုပ်မယ့် COVID-19 ကာကွယ်ဆေးဟာ အပူချိန် အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်မှာ ထားရှိပေးဖို့ လိုပါတယ်။ နွေရာသီဆိုရင် ပုံမှန် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ် ရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ ဘာရိန်းအတွက် ဆေးကို ထိန်းသိမ်းရမယ့် အပိုင်းမှာ အခက်အခဲတွေ ရှိနေပါတယ်။
ကာကွယ်ဆေးကို သယ်ယူဖို့အတွက် ဘာရိန်းနိုင်ငံပိုင် Gulf Air လေကြောင်းလိုင်းကို အသုံးပြုဖွယ် ရှိပါတယ်။ ဒါ့အပြင် အနီးဆုံးက ယူအေအီးနိုင်ငံအခြေစိုက် Emirates လေကြောင်းလိုင်းကြီးကလည်း အပူချိန် အနုတ်ဒီဂရီ များတဲ့ ကာကွယ်ဆေးတွေကို သယ်ယူပို့ဆောင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
Pfizer နဲ့ BioNTech တို့ရဲ့ ကာကွယ်ဆေးဟာ တဦးကို ၃ ပတ်ခွာပြီး ၂ ကြိမ်တိုင် ထိုးနှံပေးရမှာပါ။ ဘာရိန်းနိုင်ငံမှာ နောက်ထပ် အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး Sinopharm ကိုလည်း လူဦးရေ ၆,၀၀၀ ကျော်ကို ထိုးနှံပေးပြီး ဖြစ်ပါတယ်။
“Pfizer နဲ့ BioNTech ရဲ့ ကာကွယ်ဆေးကို COVID-19 အတွက် အရေးကြီးတဲ့သူ ထိုးပေးနိုင်အောင် ခွင့်ပြုချက် ပေးလိုက်တာပါ” လို့ NHRA ရဲ့ အကြီးအကဲ Mariam al-Jalahma က ဆိုပါတယ်။ ၂၀၂၁ ခုနှစ်အတွက် ကာကွယ်ဆေး သန်း ၅၇၀ ကို တကမ္ဘာလုံးကနေ မှာယူထားပြီး၊ နောက်ထပ်လည်း သန်း ၆၀၀ ကျော် မှာယူထားတာကြောင့် ၂၀၂၁ ခုနှစ်မှာ အနည်းဆုံး ၁ ဒသမ ၃ ဘီလီယံ ဖြန့်ဖြူးပေးနိုင်မယ်လို့ BioNTech က ပြောကြားလိုက်ပါတယ်။
ဘာရိန်းနိုင်ငံဟာ လူဦးရေ ၁ ဒသမ ၆ သန်းကျော်သာရှိပြီး COVID-19 ကူးစက်ခံရသူပေါင်း ၈၇,၆၀၀ ရှိကာ သေဆုံးသူကတော့ ၃၄၁ ဦးရှိပါတယ်။ ပျောက်ကင်းသက်သာလာသူ ၈၅,၀၀၀ ကျော်ရှိတယ်လို့ အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။
Ref: Aljazeera
You may also like these stories:
အမေရိကန်သမ္မတဟောင်း ၃ ဦး ကိုဗစ်ကာကွယ်ဆေးကို ဦးဆုံး ထိုးနှံပြမည်
ဂျပန်မှာ COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်
ယူကေရဲ့ ကာကွယ်ဆေး ခွင့်ပြုချက်ဟာ အလျင်စလိုနိုင်တယ်လို့ ဝေဖန်ခံရ