တောင်ကိုရီးယားအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ၃၄ သန်းသော ပြည်သူတွေအတွက် အဆင့်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ နောက်ထပ်လည်း ၁၀ သန်း ကြိုတင် မှာယူထားသေးတယ်လို့ ဆိုပါတယ်။
ကိုရီးယားမှာ AstraZeneca ကထုတ်မယ့် COVID-19 ကာကွယ်ဆေးကို သန်း ၂၀ မှာယူထားပြီး နောက်ဆုံးအဆင့် ဆေးဝါးစမ်းသပ်မှု လုပ်နေတဲ့ Pfizer ၊ Moderna ဆေး သန်း ၂၀ ဆီနဲ့ Janssen ဆေး ၄ သန်း ပမာဏကိုလည်း သဘောတူထားပြီးဖြစ်တယ်လို့ ကိုရီးယား ကျန်းမာရေးနှင့် ဆေးဝါးဝန်ကြီးဌာနတွေရဲ့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၇ ရက်က ပြောကြားလိုက်တာပါ။
ဆေးကုမ္ပဏီတွေနဲ့ သဘောတူညီချက်တွေအရ AstraZeneca ကာကွယ်ဆေးကို လာမယ့် နွေဦးပေါက်ရာသီအစမှာ စတင်ထိုးပေးနိုင်မယ်လို့ ဆိုပါတယ်။ အဲ့မတိုင်ခင်မှာတော့ ကာကွယ်ဆေးတွေကို အပူချိန် အနုတ်ဒီဂရီမှာ သိုလှောင်ထားနိုင်ဖို့နဲ့ တနိုင်လုံးကို ပို့ဆောင်ပေးနိုင်ရေး အစီအစဉ်တွေကို ကြိုတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အစိုးရက ကာကွယ်ဆေးအတွက် ဇွန်လကစတင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကနေ ပြည်သူတွေကို COVID-19 ကာကွယ်ဆေး ထိုးပေးရေး ကြေညာချက်ကို ပထမဆုံးအကြိမ် ပြောကြားလာတာပါ။ ကာကွယ်ဆေး ဝယ်ယူရေးကိစ္စ နှောင့်နှေးတာကလည်း ဆေးဝါးစမ်းသပ်ရေးကနေ ထွက်လာမယ့်နောက်ဆုံးရလဒ်ကို စောင့်ကြည့်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
COVID-19 ကာကွယ်ဆေးကိုတော့ ကျန်းမာရေးဝန်ထမ်းတွေလို ကူးစက်နိုင်ချေ များတဲ့သူတွေကို အရင်ဆုံး ထည့်သွင်း စဉ်းစားပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ကာကွယ်ဆေး အမျိုးအစားကို ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရှိဘဲ ထိုးပေးတဲ့ ဆေးကိုသာ လက်ခံရမှာပါ။ အစိုးရပိုင်းကလည်း လာမယ့်ဘဏ္ဍာနှစ်အတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရေးမှာ အသုံးပြုဖို့ တောင်ကိုရီးယာဝမ် ၉၀၀ ဘီလီယံ ချပေးထားတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်းဟာ ရက်ဆက်ဆိုသလို ၆၀၀ ကျော် ရှိလာတာကြောင့် ကိုဗစ် ကာကွယ်ရေးအဆင့် ၅ ဆင့်ထဲမှာ ၂ ဒသမ ၅ အဆင့် တိုးမြင့်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ဆိုးလ်နဲ့ အနီးတဝိုက်က Gyeonggi ကနေ ဆိုးလ်မြို့ အနောက်ဘက် Incheon ထိ အဆင့်တိုးမြင့်ချက် အကျုံးဝင်မှာ ဖြစ်ပါတယ်။
အဆင့် တိုးမြင့်ချက်ကြောင့် သတ်မှတ်ထားတဲ့ နယ်ပယ်တွေမှာ လူ ၅၀ ထက် ပိုစုဝေးခွင့် မပြုတော့သလို၊ ကာရာအိုကေခန်း၊ မိုးလုံလေလုံ အားကစားခန်းမ၊ နိုက်ကလပ်၊ ဘားတွေနဲ့ အလုံပိတ်ခန်းမတွေမှာ ကျင်းပတဲ့ပွဲတွေကို ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ည ၉ နာရီကျော်ရင် ဆိုင်ထိုင်စားခွင့် မပြုတော့ဘဲ ကော်ဖီဆိုင်တွေကတော့ Takeout ပဲ ရောင်းချခွင့်ပြုထားပါတယ်။
စူပါမားကတ်ဆိုင်ကြီးများ၊ Department store ၊ ဆံပင်ညှပ်ဆိုင်၊ ဆံသဆိုင်၊ ရုပ်ရှင်ရုံတွေနဲ့ ပန်းခြံတွေကိုလည်း ည ၉ နာရီမှာ ပိတ်သိမ်းဖို့ ထုတ်ပြန်လိုက်ပါတယ်။ အားကစားတွေပွဲတွေကို ပရိသတ် မပါဘဲ ကျင်းပရမှာ ဖြစ်သလို စာသင်ခန်းတွေကိုလည်း ကျောင်းသားဦးရေ သုံးပုံတပုံသာ ခွင့်ပြုမှာဖြစ်ပြီး၊ ဘာသာရေး အခမ်းအနားတွေမှာ လူ ၂၀ အောက်နဲ့သာ ကျင်းပဖို့ ကန့်သတ်ထားပါတယ်။
Ref: The Korea Herald
You may also like these stories:
ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ
ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုလိုက်တဲ့ ဒုတိယမြောက်နိုင်ငံ ဘာရိန်း
အမေရိကန်သမ္မတဟောင်း ၃ ဦး ကိုဗစ်ကာကွယ်ဆေးကို ဦးဆုံး ထိုးနှံပြမည်