ဗြိတိန်နိုင်ငံမှာ စတင်ထိုးနှံနေတဲ့ Pfizer နဲ့ BioNTech ထုတ် COVID-19 ကာကွယ်ဆေးကို ဓာတ်မတည့် ရောဂါအခံရှိသူတွေ မထိုးကြဖို့ ဆေးဝါးကြီးကြပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေက အကြံပြုပြောဆိုလိုက်ပါတယ်။ ကာကွယ်ဆေး ထိုးနှံတဲ့ ပထမနေ့ အပြီးမှာပဲ ၂ ဦးမှာ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပြသခဲ့တာပါ။
သက်ရွယ်ကြီးရင့်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဒီဇင်ဘာ ၈ ရက်က စတင် ထိုးနှံပေးနေတာ ဖြစ်ပါတယ်။ National Health Service ဆေးပညာဆိုင်ရာ ဒါရိုက်တာ Stephen Powis က NHS ဝန်ထမ်း ၂ ဦးကို COVID-19 ကာကွယ်ဆေးထိုးအပြီးမှာ နောက်ဆက်တွဲ ဓာတ်မတည့်လက္ခဏာ ပြသခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အခုတော့ ၂ ဦးလုံး ပြန်လည် သက်သာလာပါပြီ။
ဗြိတိန် MHRA ဘက်က အချက်အလက် အသေးစိတ်ကို ဆက်လက် စုံစမ်းနေပြီး Pfizer နဲ့ BioNTech ကုမ္ပဏီတွေဘက်ကလည်း MHRA ရဲ့ စုံစမ်းမှုတွေကို ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ ဗြိတိန်ရဲ့ Medicines and Healthcare products Regulatory Agency (MHRA) ကနေ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ယခင်အပတ်က အရေးပေါ်အသုံးပြုခွင့်ပေးဖို့ ပထမဆုံး ခွင့်ပြုခဲ့တာပါ။
ဥရောပသမဂ္ဂရဲ့ European Medicines Agency (EMA) နဲ့ အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာန (FDA) တို့ကတော့ ခွင့်ပြုပေးဖို့ ကုမ္ပဏီဘက်က အချက်အလက်တွေကို ဆက်လက် လေ့လာနေဆဲ ဖြစ်ပါတယ်။
“ပထမဆုံး စထိုးတဲ့ ညနေပိုင်းလောက်မှာ ၂ ဦး ဓာတ်မတည့်တာတွေဖြစ်တယ်လို့ သတင်းပို့လာပါတယ်။ ဒါဟာ စမ်းသပ် စစ်ဆေးစဉ်တုန်းက တွေ့ရတဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာနဲ့ မတူဘူး” လို့ MHRA ရဲ့ အကြီးအကဲ June Raine က ပြောပါတယ်။ MHRA ရဲ့ လမ်းညွှန်ချက်အသစ်အဖြစ် ဆေးမထိုးသင့်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်သွားဖို့ ဖော်ပြထားပါတယ်။
“အစားအသောက် ဒါမှမဟုတ် ဆေးဝါးနဲ့ ပတ်သက်ပြီး ဓာတ်မတည့် ရောဂါအခံ ရှိခဲ့ဖူးသူတွေကို Pfizer နဲ့ BioNTech က COVID-19 ကာကွယ်ဆေး မထိုးပေးရဘူး” လို့ လမ်းညွှန်ချက်အသစ်မှာ ဖော်ပြထားသလို၊ ကာကွယ်ဆေး ထိုးပေးရာ နေရာတိုင်းမှာ အရေးပေါ် အသက်ကယ်ပစ္စည်းတွေ အဆင်သင့်ပြင်ဆင်ထားဖို့လည်း ပါဝင်ပါတယ်။
အမေရိကန် FDA ကတော့ Pfizer နဲ့ BioNTech က COVID-19 ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးဖို့ လာမယ့် ကြာသပတေးနေ့မှာ ကော်မတီ အစည်းအဝေး ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဆေးရဲ့ စိတ်ချရမှု အခြေအနေ အချက်အလက်တွေနဲ့ ထိရောက်မှု အတိုင်းအတာတွေကို ဒီအစည်းအဝေးမှာ ဆွေးနွေးသွားကြမှာပါ။
ဆေးဝါး စမ်းသပ်ရေး အချက်အလက်တွေပေါ် အခြေခံပြီး ကာကွယ်ဆေး ထိုးနှံပေးခဲ့သူ အုပ်စုထဲက ၀ ဒသမ ၆၃ ရာခိုင်နှုန်းနဲ့ Placebo အုပ်စုထဲက ၀ ဒသမ ၅၁ ရာခိုင်နှုန်းလောက်ပဲ စမ်းသပ်စဉ် ဓာတ်မတည့်လက္ခဏာတွေ ပြသခဲ့တာမျိုးရှိလို့ ပမာဏ အရမ်းနည်းတယ်လို့ Imperial College London မှ ပါမောက္ခ Peter Openshaw က ပြောပါတယ်။
“ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ဖြစ်ခဲ့တဲ့ ၂ ဦးအကြောင်းကို မကြာခင် အသေးစိတ် သိရတော့မှာပါ။ ဆေးထိုးနှံရေးပိုင်းကို သေချာစောင့်ကြည့်ပြီး ကြိုတင်ကာကွယ်မှုတွေအတွက် အကြံပြုပေးထားသင့်တယ်” လို့ ပါမောက္ခ Openshaw က ပြောသွားပါတယ်။
Ref: Reuters
You may also like these stories:
ယူကေမှာ ပထမဆုံးအကြိမ် COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ
တောင်ကိုရီးယားအစိုးရက ကိုဗစ် ကာကွယ်ဆေး ၄၄ သန်းစာ ကြိုတင် မှာယူထား
ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ