Coronavirus Update

ရခိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ကိုဗစ်ပြန်ကြားရေးတာဝန်ခံ ပိုးကူးစက်ခံရ

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးတွင် ပြန်ကြားရေး တာဝန်ခံ လည်းဖြစ်၊ အထူး ရောဂါနှိမ်နင်းရေးအရာရှိလည်းဖြစ်သူ ဒေါက်တာ စိုးဝင်းပိုင်မှာ ဒီဇင်ဘာလ ၈ ရက်က ကိုဗစ်ရောဂါ ပိုးတွေ့ရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူနေရကြောင်း သတင်း ရရှိသည်။

အဆိုပါ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်ရှိသူ ဒေါက်တာ စိုးဝင်းပိုင်သည် Daewoo ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ရေနံစင်တာများသို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ရန် အတွက် ကိုဗစ်ရောဂါ ရှိ မရှိ စစ်ဆေးခဲ့ရာတွင် ထိုသို့ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင်က ပြောသည်။

၎င်းက “သူက Work from Home အလုပ် လုပ်နေတာ။ ဘာရောဂါ လက္ခဏာမှလည်း မပြဘူး။ ဘာမှလည်း ဖြစ်တာ မရှိ ဘူး။ တနေ့က ရေနံစင်တွေကို သွားမယ်ဆိုပြီး ကျန်းမာရေး စစ်ဆေးလိုက်တာမှာ Positive တွေ့ တာ။ ဒါပါပဲ” ဟု ဧရာ ဝတီသို့ ပြောသည်။

လက်ရှိ အချိန်တွင် ဒေါက်တာ စိုးဝင်းပိုင်မှာ ကျန်းမာရေး ကောင်းမွန်ကာ၊ ၎င်း၏ ရုံးခန်းမှ ဝန်ထမ်းတချို့ကို Home Quarantine ဝင်ခိုင်းထားပြီး စောင့်ကြည့်အနေဖြင့် ထားရှိကြောင်းလည်း ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် ဘဏ်ဝန်ထမ်း အမျိုးသမီးတဦးထံမှ ကိုဗစ်ရောဂါ ပိုး စတင် တွေ့ရှိခဲ့ရာမှနေ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကူးစက်မှု လျော့နည်းလာ သော်လည်း ကိုဗစ်ရောဂါ ကူးစက်ခံရပြီး သေဆုံးသူ ၃၀ ကျော်အထိ ရှိလာနေသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ အများစုမှာ သက်ကြီးပိုင်းများနှင့် နဂိုရောဂါအခံ ရှိသူများ ပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူအများစု၏ ထူးခြားချက်မှာ ပုံမှန်ဖြစ်သည့် ဖျားခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း စသည့် ရောဂါ လက္ခဏာများထက် အနံ့မရသူ အများစု ပါဝင်နေသော်လည်း အားသာချက်အနေဖြင့် အသက်ရှူလမ်းကြောင်း မွန်းကြပ်ပြီး အရေးပေါ်တင်ရသည့် အခြေအနေ မရှိသလောက် နည်းပါးကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဆို သည်။

ရခိုင်ပြည်နယ် တခုလုံး၌ ကိုဗစ်ဒုတိယလှိုင်းအတွင်း ပိုးတွေ့လူနာပေါင်း ၃၈၁၃ ဦး ရှိပြီး ယင်းအထဲမှ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၅၁၂ ဦး ရှိကာ၊ လက်ရှိ ဆေးရုံတွင် ကုသနေရသူ ၃၀၁ ဦး ကျန်ရှိသေးကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

လက်ရှိ အခြေအနေတွင် ကိုဗစ် ရောဂါကူးစက်မှု လျှော့နည်းလာသည်နှင့်အတူ တိုက်ပွဲများလည်း ငြိမ်သက်နေသည့် အတွက် အများပြည်သူများ ပြင်ပသို့ သွားလာမှု၊ မိသားစု ဘုရားဖူး ထွက်သည့်် အခြေအနေများလည်း ရှိနေသည်။

ရခိုင်ပြည်နယ် ကိုဗစ်ရောဂါ အန္တရာယ် စောင့်ကြည့်ရေးအဖွဲ့ မှ ဦးဇော်လှိုင်ထွန်း က “လက်ရှိ ပြည်သူတွေ အခြေအနေ က စည်းကမ်းမဲ့လာတာကို တွေ့ရတယ်။ Mask မတပ်ဘဲ သွားလာနေကြတာ ရှိတယ်။ စစ်တွေမှာက Stay at Home ရှိ သေးပေမယ့်လည်း ကျောက်တော်တို့ ဘာတို့ကို ခရီးသွားတာတွေ ရှိကြပြီ။ ကိုယ်ဖြစ်လာရင် မိသားစု၊ ပတ်ဝန်းကျင်ပါ ထိခိုက်စေတဲ့အတွက် မိမိက စလို့ ထိန်းထိန်းသိမ်းသိမ်း နေရမှာဖြစ်တယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှု တနေ့တခြား များပြားလာသည့် အခြေအနေကြောင့် အစိုးရမှ ပြည်နယ် တခုလုံးအား Stay at Home နေထိုင်ရန် သတ်မှတ်ထားပြီး၊ စစ်တွေမြို့ကိုလည်း သြဂုတ်လ ၂၁ ရက်မှ စတင်ကာ ညနေ ၉ နာရမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ၁၄၄ ထုတ် ထုတ်ပြန်ကြေညာထားခဲ့ရာ လက်ရှိအချိန်တွင် ရောဂါကူး စက်မှု လျော့နည်းလာသဖြင့် ညမထွက်ရအမိန့်ကို ညနေ ၁၂ နာရီကနေ နံနက် ၄ နာရီအထိ လျှော့ပေါ့ထားသည်။

You may also like these stories:

မလိုက်နာတဲ့ လူတွေရှိသေးလို့ အမြစ် မပြတ်တာ

ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၀ ကျော်ထိ ရှိလာ

ကိုဗစ် ၁၉ ကာကွယ်ဆေး ဝယ်ယူ ထိုးနှံပေးနိုင်ရေး မြန်မာပြင်ဆင်နေ

Loading