တောင်ကိုရီးယားနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှု လှိုင်းကြောင့် လိုအပ်လာမယ့် ဆေးကုသရေး နေရာတွေအတွက် ကုန်စည်ပို့ဆောင်ရေးမှာ အသုံးပြုတဲ့ ကွန်တိန်နာတွေကို ဆေးရုံ ခုတင်တွေအဖြစ် အသုံးပြုသွားဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်နေပါတယ်။
ကူးစက်မှုနှုန်း ပြန်လည် ဦးမော့လာချိန်မှာ ကူးစက်လူနာတွေအတွက် ဆေးရုံခုတင် ပြတ်လပ်မှာကို စိုးရိမ်တာကြောင့် မြို့တော်ဆိုးလ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ချိန်ကစလို့ ပထမဆုံးအကြိမ် ကွန်တိန်နာ ခုတင်တွေ တည်ဆောက်နေတာပါ။
ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ဆိုးလ်မြို့တဝိုက် နေရာ ၁၅၀ မှာ ယာယီစခန်းတွေ စတင် စမ်းသပ် တည်ဆောက်ဖို့ စီစဉ်နေပါတယ်။
“ကျနော်တို့ရဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်နိုင်မှုအပိုင်းမှာ ယခင်ကထက် လျော့နည်းလာပြီး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ” လို့ ကျန်းမာရေးဝန်ကြီး Park Neung Hoo က ရွှေ့လျား အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
“ပြောခဲ့သလိုပဲ ကျနော်တို့မှာ ရောဂါပြင်းထန်သူတွေအတွက် ကုသရေးနေရာ အလုံအလောက်ရှိဖို့နဲ့ ဆေးရုံသုံး ခုတင်တွေ အချိန်နဲ့တပြေးညီ ဖြည့်တင်ပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်” လို့ ဝန်ကြီးက ဆိုပါတယ်။
ဆိုးလ်မြို့တော်မှာ နေထိုင်တဲ့ ၁၀ သန်းသော ပြည်သူတွေအတွက် ရောဂါပြင်းထန် လူနာ ထားရှိဖို့ ဆေးရုံသုံး ခုတင် ၃ ရာခိုင်နှုန်းနဲ့ တခြားလူနာတွေအတွက်ဆိုရင် ၁၇ ရာခိုင်နှုန်းပဲ ထောက်ပံ့ပေးနိုင်သေးတယ်လို့ ဝန်ကြီး Park Neung Hoo က ပြောပြသွားပါတယ်။
ဆိုးလ်မှာ ကူးစက်ရောဂါပျံ့နှံ့မှုကို စုံစမ်းဖော်ထုတ်ပေးမယ့် ကျွမ်းကျင်သူ အယောက် ၅၀ ဟာ ခရိုင် ၂၅ ခုမှာ ကူးစက်နိုင်ချေရှိတွေကို ခြေရာခံပေးဖို့ လုပ်ဆောင်နေတဲ့ထဲကို အစိုးရက နောက်ထပ် ၁၀ ဦး ထပ်မံ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက်ကစလို့ စစ်တပ်နဲ့ ရဲအရာရှိ ၂၇၄ ယောက်အပြင် စီမံရေးဝန်ထမ်းတချို့ပူးပေါင်းပြီး ကူးစက်ရောဂါ ပျံ့နှံမှု ကာကွယ်ရေး စစ်တမ်းကောက်ယူသွားဖို့ ရှိပါတယ်။ ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၆၈၂ ခုကို ထပ်မံတွေ့ရှိခဲ့တာကြောင့် ကူးစက်မှု စတင်ချိန် နောက်ပိုင်း တရက်တည်း ကူးစက်မှုနှုန်း ဒုတိယအများဆုံး ဖြစ်ခဲ့တဲ့နေ့အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ယခုအပတ်အတွင်း ကိုရီးယား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အေဂျင်စီ (KDCA) ကနေ Social distancing စည်းမျဉ်းတွေကို ထပ်မံ ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။ ယခင်အပတ်ကစပြီး နေ့စဉ် ကူးစက်မှုအသစ် ၆၀၀ ကျော်လောက် မြင့်တက်လာပြီး ခြေရာခံရခက်ခဲတဲ့ အစု လိုက်ကူးစက်မှုတွေကို မြို့တော်တဝိုက်မှာ တွေ့လာရပါတယ်။
လူဦးရေ ၁၃ ဒသမ ၅ သန်းရှိ တောင်ကိုရီးယားရဲ့ လူဦးရေထူထပ်ဆုံး ဒေသတခုဖြစ်တဲ့ Gyeonggi မှာလည်း ကူးစက်နေသူတွေကို ခြေရာခံနိုင်ဖို့ ဗိုင်းရပ်စ် ဆေးစစ်မှုတွေ အများအပြား လုပ်ဆောင်မယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
သမ္မတ မွန်းဂျယ်အင်းကလည်း နိုင်ငံလူဦးရေ ၆၀ ရာခိုင်နှုန်းထိ လုံလောက်မှုရှိမယ့် COVID-19 ဆေးဝါး ၄၄ သန်း ဝယ်ယူဖို့ ဆေးဝါးကုမ္ပဏီကြီး ၄ ခုနဲ့ ချိတ်ဆက်ပြီးနောက် ထပ်မံ ဝယ်ယူဖို့ ပြောကြားလိုက်ပါတယ်။ KDCA ရဲ့ ထုတ်ပြန်ချက်အရ ကိုရီးယားမှာ COVID-19 ကူးစက်မှုပေါင်း ၄၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၆၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
Ref: Reuters
You may also like these stories:
ကိုဗစ် ကူးစက်မှု နောက်ဆက်တွဲအဖြစ် အမျိုးသားများမှာ ပန်းသေ၊ ပန်းညှိုး ဖြစ်နိုင်
နိုင်ငံဦးစားပေး ကာကွယ်ဆေး ဝယ်ယူမှုတွေကို ကုလအတွင်းရေးမှူးချုပ် သတိပေး
ဗြိတိန်မှာ ထိုးနှံပေးနေတဲ့ ကိုဗစ် ကာကွယ်ဆေးနဲ့ ဓာတ်မတည့်သူတွေ ရှိလာ