ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့လာရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က Huanan ပင်လယ်စာ လက်ကားဈေးကြီးကတော့ ၁ နှစ်ပြည့်မြောက်ချိန်မှာ ခြောက်ကပ်နေပြီး အတားဆီး အကာရံနဲ့ ရှိနေဆဲပါ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ အမျိုးအမည်မသိ နမိုးနီးယား ရောဂါကူးစက်မှု ၄ ခုနဲ့ ဆက်စပ်ပြီး ပိတ်သိမ်းခဲ့တာပါ။
ဈေးပိတ်သိမ်းပြီး မကြာခင်မှာပဲ ဝူဟန်မြို့ကို ၇၆ ရက်ကြာမြင့်မယ့် တင်းကျပ်တဲ့ Lockdown ချမှတ်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက် ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ မြို့တွင်းနေထိုင်သူအားလုံးကို အိမ်ထဲကနေ မထွက်ဖို့ တားမြစ်လိုက်ပါတယ်။
ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ၁ နှစ်ပြည့်မြောက်ချိန်မှာ COVID-19 ရောဂါကြီးက လူပေါင်း ၁ ဒသမ ၆ သန်းကျော်ရဲ့ အသက်ကို နုတ်ယူသွားခဲ့ပါပြီ။ ဝူဟန်မြို့မှာတော့ ဗိုင်းရပ်စ် ကူးစက်မှု ကင်းစင်တာ လပေါင်းကြာနေပြီဖြစ်လို့ ပြန်လည် စည်ကားနေပေမယ့် ကပ်ရောဂါ စတင်ခဲ့ရာ ပင်လယ်စာဈေးကြီးကတော့ မနှစ်ကအတိုင်း ခြောက်ကပ်နေဆဲပါ။
၁ နှစ်ပြည့်ထိ ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးကြီးကနေ လွန်မြောက်ဖို့အတွက် ကမ္ဘာတဝှမ်းမှာ သိပ္ပံဆိုင်ရာ နည်းပညာတိုက်ပွဲတွေ ပြင်းထန်နေသလို တရုတ်နိုင်ငံဘက်က စတင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန် အပါအဝင် နိုင်ငံတချို့က နိုင်ငံရေးအရ စွပ်စွဲမှုတွေနဲ့ပါ အားပြိုင်နေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ရဲ့ ပညာရှင်အဖွဲ့ကလည်း စတင်ကူးစက်ခဲ့တယ်လို့ သံသယရှိနေတဲ့ Huanan ပင်လယ်စာဈေးကြီးကို လာရောက် လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဝူဟန်ဒေသခံတချို့နဲ့ ဆိုင်ပိုင်ရှင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မယုံကြည်ကြောင်း ပြောပြသွားပါတယ်။
“ဒါဟာ ဝူဟန်မြို့က မဖြစ်နိုင်ပါဘူး။ တခြားတယောက်က သယ်လာတာ ကျိန်းသေပါတယ်။ မဟုတ်လည်း ဒီကို ပို့လာတဲ့ ပစ္စည်းတွေကနေ ပါလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒီရောက်တော့ အကျိုးအကြောင်း ဆီလျော်သွားလို့ စဖြစ်လာတာပါ” လို့ Chen လို့ ခေါ်တဲ့ ဈေးသည်တဦးက သူ့အမြင်ကို ပြောပြသွားပါတယ်။
မကြာခင် လပိုင်းတုန်းကလည်း တရုတ်သံတမန်တွေက ကိုရိုနာဗိုင်းရပ်စ်ဟာ ပင်လယ်စာ ဈေးကြီးကနေ စတင် ပေါ်ပေါက်လာတယ်ဆိုတာ မယုံကြည်ကြောင်း ပြောပြသွားပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ဗိုင်းရပ်စ်မူရင်းဒေသကို စုံစမ်းဖော်ထုတ်ဖို့အတွက်လည်း ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
ပညာရှင်တွေကတော့ အဆိုပါ ပင်လယ်စာဈေးကြီးဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ရာဖြစ်လို့ လေ့လာ စုံစမ်းမှုတွေမှာ အဓိကအရေးကြီးတဲ့ နေရာမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဈေးအတွင်း ဝင်ရောက်ခွင့်တွေကိုလည်း တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။ မကြာသေးခင် ဒေသခံအစိုးရက သတ်မှတ် ဧရိယာအတွင်းမှာ အသီးအရွက်ဆိုင်နဲ့ တရုတ်ရိုးရာ ပန်းချီကားဆိုင်တွေ ပြန်ဖွင့်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
ယခုအပတ်က စတင်ပြီး ဈေးဝင်ပေါက်တွေမှာ လုံခြုံရေးတွေ တိုးမြင့်ချထားပြီး ဝင်မယ့်သူတွေကို ကိုယ်အပူချိန် တိုင်းတာနေသလို၊ သတင်းထောက်တွေကိုလည်း ဈေးအတွင်းဝင်ပြီး ဓာတ်ပုံနဲ့ ဗီဒီယို မရိုက်ကြဖို့ တားမြစ်လိုက်ပါတယ်။
ဝူဟန်မြို့မှာ COVID-19 ပြည်တွင်းကူးစက်မှုတွေ မေလကစလို့ မတွေ့ရတော့ပေမယ့် ဈေးကို အမှီပြုနေကြတဲ့ ဈေးသည်တွေကတော့ ရုန်းကန်နေရဆဲပါ။
ဈေးထဲမှာ ဂျပန်စားသောက်ဆိုင် ဖွင့်လှစ်ထားတဲ့ Lai က လက်ရှိ ကပ်ရောဂါ အခြေအနေကြောင့် ပင်လယ်စာပို့ကုန် ဝယ်ယူရတာ အရင်ထက် ၅ ဆလောက် ပိုများလာတယ်လို့ ဆိုပါတယ်။ နောက်နှစ်မှာတော့ အခြေအနေ ပိုပြီးကောင်းလာဖို့ မျှော်လင့်တဲ့အကြောင်း ပြောပြသွားပါတယ်။
Ref: Reuters